"အောင်မြင်မှုနောက်ကွယ်"
▪️သူဘယ်လောက်အောင်မြင်နေတယ်ဆိုတာထက် သူဘယ်လိုအောင်မြင်သွားလဲဆိုတာ လေ့လာခြင်းက မိတ်ဆွေအတွက် ပိုပြီးအသုံးဝင်ပါလိမ့်မယ်••••
လူအများစုဟာ အောင်မြင်တဲ့သူတွေကို လေ့လာတဲ့အခါ သူတို့ ငွေဘယ်လောက်ချမ်းသားလဲ၊ ပိုင်ဆိုင်မှုတွေ ဘယ်လောက်များလဲ၊ ဘယ်လောက် သုံးနိုင်စွဲနိုင်သလဲ၊ ဘာကားစီးတယ် ၊ ဘယ်လိုအိမ်နဲ့နေတယ်၊
ဘာတွေဝတ်စားတယ် စတဲ့ မတည်မြဲတဲ့ ရုပ်ဝတ္ထုချမ်းသာမှုတွေကိုပဲ လေ့လာကြသူများပါတယ်။
ဒီလိုအခြေအနေရောက်ဖို့ အဲဒီလူ ဘယ်လိုကြိုးစားခဲ့ရလဲ၊ သူဘယ်လိုအခက်အခဲတွေကြုံခဲ့ဘူးလဲ၊ အဲဒီအခက်အခဲတွေကိုရော သူဘယ်လိုကျော်ဖြတ်ခဲ့လဲ စတဲ့အရာတွေကို လေ့လာသူက နည်းပါးကြပါတယ်။ အမှန်တကယ်တမ်းက သူ့ရဲ့ချမ်းသာကြွယ်ဝမှုက ကိုယ်ပိုင်တာမဟုတ်ပါဘူး။ ဒါပေမယ့် သူဘယ်လိုချမ်းသာကြွယ်ဝလာလဲဆိုတဲ့အထဲက မှန်ကန်တဲ့နည်းလမ်းအချို့ကတော့ မိမိအတွက် များစွာ အသုံးဝင်နိုင်ပါလိမ့်မယ်။
အထူးသဖြင့် အောင်မြင်သူတွေရဲ့ နောက်ကွယ်မှာ အဓိက အချက်(၃)ခုရှိပါတယ်။ မိတ်ဆွေကိုယ်တိုင် သူ့လိုအောင်မြင်ချင်ရင် ဒီ ၃ ချက်ကို လေ့လာပါ။
၁- အခက်အခဲ
▪️အောင်မြင်မှု စာမေးပွဲမေးခွန်းက အခက်အခဲကို ဘယ်လိုကျော်မလဲဆိုတာပါပဲ။ အောင်မြင်သူတိုင်းမှာ အခက်အခဲဆိုတာ ကြုံကိုကြုံရမယ့်ကိစ္စပါ။ အခက်အခဲပုံသဏ္ဍန်နဲ့ အကြီးအသေးသာ ကွာပါလိမ့်မယ်။ သူတို့ရဲ့ အခက်အခဲတွေကို လေ့လာရင်းကနေ တစ်ခါတစ်ရံ မိတ်ဆွေအတွက် အတွေ့အကြုံနဲ့ ခွန်အားရစေပါလိမ့်မယ်။
ကမ္ဘာကျော် ဟောလိဝုဒ် ဟာသသရုပ်ဆောင် Jim Carrey ဟာ ငယ်စဉ်ကတည်းက ဆင်းရဲတာလူသိမှာစိုးလို့ သူငယ်ချင်းတောင်များများပေါင်းခဲ့တာမဟုတ်ဘူးဆိုဘဲ။ မိသားစု နေစရာအိမ်မရှိလို့ ကားကြီး ၁ စီးထဲမှာ ၈ လလောက်နေခဲ့ရဘူးသူပါ။ မိသားစုစီးပွားရေးအခက်အခဲကြောင့် ပညာကိုကောင်းကောင်း မသင်ယူနိုင်ခဲ့ပါဘူး။
နောက်တစ်ဦးက ဒီနေ့ကမ္ဘာကို အလင်းရောင်ပေးခဲ့တဲ့၊ လျှပ်စစ်ဖခင်ကြီးလို့တင်စားကြတဲ့ သောမတ်အက်ဒီစင်ကြီးပေါ့။ ငယ်စဉ်က စာကို သင်လို့မရတဲ့အထိ စာညံ့လွန်းလို့ ၇ နှစ်သားမှာ ကျောင်းထုတ်ခံလိုက်ရတဲ့ ကလေးတစ်ဦးပါ။ လျှပ်စစ်မီးလုံးအတွက်တီထွင်မှုတွေကို သူကြိုးစားခဲ့ရတာ ဘယ်လောက်အထိ အခက်အခဲရှိမယ်ဆိုတာ သိကြမှာပါ။ မိခင်ရဲ့ အားပေးကူညီပံ့ပိုးမှုကြောင့်သာ သူ့ရဲ့ တီထွင်ဖန်တီးမှုတွေမှာ အထောက်အကူအများကြီးဖြစ်စေခဲ့တာပါ။
▪️နောက်ထပ် KFC သူဌေးကြီး Colonel Sanders အကြောင်း အားလုံးသိပြီးဖြစ်ကြမှာပါ။ သူဟာ ငယ်စဉ်ကတည်းက မိဘတွေအစုံအလင်နဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးတစ်ဦးမဟုတ်ဘူး။ အသက် ၅ နှစ်အရွယ်မှာ ဖခင်ကဆုံးပါးခဲ့တယ်။ ပညာရေးမှာလည်း အသက် ၁၆ နှစ် အထိပဲ ပညာသင်ကြားနိုင်ခဲ့ပြီး အသက် ၁၇ နှစ်မှာ အလုပ်စလုပ်နေရပြီ။ အသက် ၁၉ မှာ အိမ်ထောင်ကျခဲ့ပေမယ့် ၁ နှစ်အကြာမှာ အိမ်ထောင်ကွဲခဲ့ရတယ်။ အလုပ်မျိုးစုံကို ကြိုးစားလုပ်ခဲ့တယ် မအောင်မြင်ခဲ့ပါဘူး။ မီးရထားတွဲစောင့်၊ အရောင်းဝန်ထမ်း၊အချက်အပြုတ်၊ ပန်ကန်ဆေး နဲ့ နောက်ဆုံး စစ်တပ်ထဲအထိ ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသူပါ။
စစ်တပ်ကနေ အသက် ၆၀ ပင်စင်အနားယူ
ချိန်မှာ သူ့လက်ထဲ (၁၀၅) ဒေါ်လာပဲရှိတယ်တဲ့။ ဒီအချိန် သူတွေးမိလာတာက ဒီအသက်အရွယ်အထိ သူ့ဘဝရဲ့ အဆင်မပြေတာ အခက်အခဲရှိတာတွေစဉ်းစားမိရင်း သူ့ကိုယ်သူ သတ်သေဖို့အထိတောင်ဖြစ်ခဲ့တယ်ဆိုပဲ။ လူတစ်ယောက်အတွက် အခက်အခဲဆုံးအချိန်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ လုပ်လာတဲ့အချိန်ပါပဲ။ ကြည့် KFC သူဌေးလောင်းကြီး သူ ဘယ်လောက်တောင်ခက်ခဲနေပြီလဲဆိုရင် သူဘဝအတွက် အခက်အခဲဆုံးဖြစ်တဲ့ သေကြောင်းကြံစည်တဲ့အထိဖြစ်လာတယ်။
▪️အဲဒီအချိန်မှာ သူအသိတရားတခုဝင်လာတာက သူဖြတ်သန်းခဲ့တဲ့ အခက်အခဲတွေ အလုပ်တွေကိုစဉ်းစားရင်း "တကယ်တော့ ငါ့မှာ အတွေ့အကြုံတွေ အများကြီးရှိခဲ့တာပဲ ဘယ်လောက်ခက်ခဲခဲ့ပေမယ့် ဒါတွေကိုငါ ကျော်ဖြတ်နိုင်ခဲ့တာပဲ၊ ကြည့်စမ်း အခုငါ တခါမှ မလုပ်ဘူးသေးတဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိတောင် ကြိုးစားလာတော့
တကယ်က လောကမှာ ငါမလုပ်ဖူးသေးတဲ့အလုပ်တွေ အများကြီးရှိနေဦးမှာပဲ" ဆိုတဲ့ အလင်းရောင်တစ်ခုက KFC ရဲ့ လမ်းစပါပဲ။
ပြောချင်တာက မိတ်ဆွေတို့ ကိုယ်အလုပ်တွေအများကြီးလုပ်ကိုင်ခဲ့ဖူးပေမယ့် အဲဒါတွေနဲ့ မအောင်မြင်ရင် အခြား သင်မလုပ်ဖူးသေးတဲ့အလုပ်တွေအများကြီးရှိသေးတော့ သင့်မှာ အောင်မြင်ဖို့အခွင့်အရေးဟာ ဘယ်တော့မှ မကုန်ဆုံးဘူးဆိုတာ မမေ့ပါနဲ့။
အချုပ်အားဖြင့်ပြောရရင် သင် ခက်ခဲတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လောက်အထိ ခက်ခဲမနေနိုင်ပါဘူး။ အဲဒီလို ဖြစ်ခဲ့ရင်တောင် KFC သူဌေးကြီးကိုအတုယူပြီး ပြုပြင်နေထိုင်ပါလို့ တိုက်တွန်းပါတယ်။
၂- ကြိုးစားမှု
▪️သူတို့ ဘယ်လောက် အောင်မြင်သွားလဲ ဆိုတာကို ထိုင်အားကျနေတာထက် သူတို့ဒီလိုအောင်မြင်ဖို့ ဘယ် လိုကြိုးစားသွားတယ် ၊ အခက်အခဲတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ဖြတ်ကျော်သွားတယ် စတာတွေကို လေ့လာဖို့လိုပါမယ်။ အခက်အခဲကိုဖြတ်ကျော်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက မဆုတ်မနစ်ကြိုးစားမှုပါပဲ။
ဒီကနေ့အောင်မြင်နေတဲ့သူတစ်ဦးတစ်ယောက်ချင်းကို လေ့လာကြည့်ပါ။ သူတို့ရဲ့ကြိုးစားမှုတွေဟာ သာမန်သူတွေထက်ပိုမိုသာလွန်တဲ့ လုံ့လ၊ ဝီရိယ၊ ဇွဲ၊ သတ္တိ၊ ယုံကြည်မှု စတာတွေကြောင့်ဆိုတာ တွေ့ရပါလိမ့်မယ်။
-တစ်ကြိမ်အောင်မြင်ဖို့ အကြိမ်ကြိမ်မအောင်မြင်ခဲ့ဘူးတဲ့ အက်ဒီစင်
-ဆင်းရဲတဲ့ဘဝကို စိတ်နာနာနဲ့ အကြိမ်ကြိမ်ကြိုးစားခဲ့ရတဲ့ ဂျက်မား
-အသက်အရွယ်အိုမင်းသည်အထိ မလျော့တဲ့ဇွဲနဲ့ အလုပ်ကြိုးစားခဲ့တဲ့ KFC သူဌေး
-သူ့ကို သရုပ်ဆောင်အဖြစ် ဘယ်သူမှလက်မခံချိန်မှာတောင် သူ့ရဲ့ အနုပညာကြေးဒေါ်လာ ၁၀ သန်းတန်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ၁၀ သန်းတန်ချက်လက်မှတ်ကို အိတ်ထဲအမြဲဆောင်ထားပြီး ဟာသသရုပ်ဆောင်အလုပ်ကို မဆုတ်နစ်တဲ့ကြိုးစားခဲ့တဲ့ ဟောလိဝုဒ်ဟာသသရုပ်ဆောင် Jim Carrey
သူတို့ဟာ တစ်ကြိမ်အောင်မြင်ဖို့အတွက် အကြိမ်ကြိမ်လဲပြိုခဲ့ရတာတွေကို ခွန်အားအဖြစ်အသုံးပြုခဲ့ကြပါတယ်။ ဒါကြောင့်မိမိတို့ဟာ လဲကျရင်ပြန်ထဆိုတဲ့အတိုင်း ဘယ်နှစ်ကြိမ်လဲကျတာအရေးမကြီးဘူး၊ တစ်ကြိမ်အောင်မြင်ဖို့က အထူးအရေးကြီးပါတယ်။
၃- စိတ်နေစိတ်ထား
▪️အောင်မြင်သူတွေရဲ့ အခက်အခဲ ကြိုးစားမှုကို လူအများစုဟာ လေ့လာဖြစ်ကြပေမယ့် အထူးသဖြင့် အောင်မြင်သူတွေထားတဲ့ စိတ်ထားကို လေ့လာဖို့ အထူးလိုအပ်ပါမယ်။ သူတို့ရဲ့အောင်မြင်မှုနောက်ကွယ် က ပံ့ပိုးမှုအကြီးမားဆုံး သော့ချက်ကစိတ်နေစိတ်ထားပါပဲ။ ရိုးသားတဲ့စိတ်၊ နိုးကြားတဲ့စိတ်၊ ကြိုးစားတဲ့ စိတ်၊ ကိုယ်ချင်းစာတဲ့စိတ်၊ ဘဝကိုအရှုံးမပေးတဲ့စိတ် စတဲ့အခြေခံစိတ်နေစိတ်ထားတွေဟာ သူ့ရဲ့အောင် မြင်မှုကို ရောက်စေခဲ့တယ်ဆိုတာ မမေ့ပါနဲ့။
စိတ်နေစိတ်ထားနဲ့ပတ်သက်ပြီး ပထမဆုံးလေးစားအားအကျရဆုံးသူတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းပြောပါရစေ။ အသက် ၄ နှစ်သားကတည်းက လိမ်ပြောတာကိုမကြိုက်ဘူးလို့ မိခင်ကိုပြောခဲ့တဲ့သူ၊ သူ့ရဲဘော်ကို ဈေးခြင်းတောင်းကူဆွဲခိုင်းရမလားဆိုပြီး ဇနီးဒေါ်ခင်ကြည်ကို သတိပေးဆုံးမခဲ့တဲ့သူ၊ အလွန်ချမ်းအေးတဲ့ဆောင်းနံနက်ခင်း လမ်းဘေးတစ်နေရာမှာ အင်္ကျီစွတ်ကျယ်နဲ့ အကြော်သည်ကို ပါလာတဲ့အနွေးထည်ချွတ်ပေးရင်း "မင်းတို့ဆင်းရဲနေတာ ငါ့ကိစ္စကွ" လို့ပြောခဲ့တဲ့သူ၊ တိုင်းပြည် လွတ်လပ်ရေးဟာ နံပတ် ၁၊ လွတ်လပ်ရေးဟာ နံပတ်၂၊ လွတ်လပ်ရေးဟာ နံပတ် ၃ အဲဒီလို ခံယူချက် ယုံကြည်ချက်ပြတ်သားသူတစ်ဦးရဲ့ "ဆဲ" သံလေးကို ကျွန်တော်တို့ စာဖတ်သူတို့ အခုအထိလွမ်းမိနေတာဟာ သူ့ရဲ့ မဟာအောင်မြင်မှုကြီးပါပဲ။
▪️နောက်တစ်ဦးကတော့ သောမတ်အက်ဒီဆင်ကြီးပေါ့။ သူဟာ လျှပ်စစ်မီးလုံးကို အောင်မြင်ဖို့ အကြိမ်ပေါင်းများစွာ၊ အချိန်ပေါင်းများစွာကြိုးစားခဲ့ရတာ အားလုံးအသိပါပဲ။ တစ်နေ့ သူ့ရဲ့ မီးလုံးမိတ်ဆက်ပွဲတစ်ခုလုပ်ဖို့ စာနယ်ဇင်းသမားတွေကိုဖိတ်ခဲ့ပါတယ်တဲ့။ အခမ်းအနားစတင်ချိန် သူ့ရဲ့မီးလုံးကိုတပ်စဉ်ဖို့ သူ့ရဲ့တပည့်လေးကိုယူခိုင်းလိုက်ချိန် မတော်တစ မီးလုံးဟာကျကွဲခဲ့ပါတယ်။ ဒီအချိန် သာမန်သူတစ်ယောက်ဆို ဒီကလေးကို ဆူပူကြိမ်းမောင်းမှာအမှန်ပဲ။ ဒါပေမယ့် အက်ဒီဆင်ကတော့ စာနယ်ဇင်းသမားတွေကိုတောင်းပန်ပြီး နောက်ထပ်ပြုလုပ်ပါ့မယ်လို့သာပြောခဲ့ပါတယ်တဲ့။
ဒါနဲ့ လပိုင်းအနည်းငယ်ကြာတဲ့အခါ နောက်ထပ်အခုလိုမိတ်ဆက်ပွဲလုပ်ဖို့ စာနယ်ဇင်းသမားတွေကို ထပ်ဖိတ်ခဲ့ပြန်တယ်တဲ့။ ဒီတစ်ကြိမ်မှာလဲ အရင်တစ်ခေါက်က မီးလုံးကျကွဲစေခဲ့တဲ့ လူငယ်လေးကိုပဲ သူယူခိုင်းပြန်တယ်။ ဒီအကြိမ်မှာတော့ လူငယ်ကလေးက သေသေချာချာဂရုတစိုက်နဲ့ အမှားအယွင်းမရှိလုပ်နိုင်လဲပါတယ်တဲ့။ ▪️အခမ်းအနားပြီးချိန်မှာ စာနယ်ဇင်းသမားတွေက အက်ဒီဆင်ကြီးကို ဝိုင်းမေးကြတယ်တဲ့။ ဒီတစ်ခါလဲ မီးလုံးကို အရင်လူငယ်ကိုပဲယူခိုင်းတာ မတော်တစ ထပ်ပြီးကျကွဲရင်ဘယ်လိုလုပ်မလဲပေါ့ဆိုပြီးမေးကြတော့ အက်ဒီဆင်ပြန်ဖြေတာက
“ကျုပ် သူ့ကို တမင်တကာ ယူခိုင်းလိုက်တာပါ၊ ဒီတစ်ကြိမ် ထပ်ပြီးမီးလုံးကွဲသွားရင်လည်း ကျုပ်ပြန်လုပ်လို့ရပါတယ်၊ ဒါပေမယ့် ဒီကောင်လေးကို ဒီတစ်ခါ မယူခိုင်းခဲ့ရင် ဒီကောင်လေးရဲ့နှလုံးသားတွေ ကျကွဲသွား
မှာဗျ” တဲ့။ ဒီလိုစိတ်ထားမျိုးရှိသူတွေ ဒါကြောင့်ကမ္ဘာကျော်တာ မဆန်းတော့ပါဘူး။
ဒါကြောင့် မိမိတို့ဟာ လူတစ်ယောက်အောင်မြင်မှုကို အပေါ်ယံကြည့်အားကျနေတာမျိုးမဖြစ်စေဘဲ သူတို့အောင်မြင်မှုရဲ့ နောက်ကွယ်က အခက်အခဲတွေ၊ ကြိုးစားခဲ့မှုတွေ ၊စိတ်နေစိတ်ထားတွေ ဒါတွေကို လေ့လာခြင်းက အတုယူစရာ၊ သင်ခန်းစာယူစရာ၊ ခွန်းအားဖြစ်စရာ တွေရရှိစေပြီး မိတ်ဆွေအောင်မြင်မှုအတွက် များစွာအထောက်အကူပြုစေမှာဖြစ်ပါတယ်။
U AUNG -LGTI

0 Comments:
Post a Comment