"သိတဲ့အချိန်စ နောက်မကျဘူး"
▪️ကျွန်တော်လက်ကိုင်ထားတဲ့ အယူအဆတစ်ခုရှိပါတယ်။ အဲဒီအတိုင်းလည်း ကျွန်တော်ကိုယ်တိုင် ကျင့်သုံးလာခဲ့တာ လက်တွေ့အောင်မြင်မှုတွေအများကြီးပါ။ အဲဒါကတော့ "နောက်ကျတာအပြစ်မရှိဘူး၊ နောက်ကျမှန်းသိလျက် ခြေလှမ်းမစတာ အပြစ်ရှိတယ်" ဆိုတာပါပဲ။ မိမိတို့ဟာဘဝရဲ့ ပေးထားချက်တွေဖြစ်တဲ့ စား၊ဝတ်၊နေရေးဆိုတဲ့ခေါင်းစဉ်နဲ့ နေ့စဉ်ရုန်းကန်လှုပ်ရှားရင်း အချိန်တွေကို အသုံးပြုခဲ့ကြပါတယ်။ ဒီနေရာမှာ ကြိုးစားသမျှအရာထင်ခဲ့တာတွေလည်းရှိသလို အရာမထင်တာတွေလည်းရှိခဲ့မှာပါ။ တစ်ချို့အောင်မြင်မှုတွေကို ဖမ်းဆုတ်နိုင်ခဲ့ပေမယ့် အချို့အခွင့်အလမ်းတွေလက်လွတ်ခဲ့ရတာတွေလည်းရှိခဲ့ရပါတယ်။
လက်လွတ်ခဲ့ရတဲ့ အခွင့်အလမ်းတွေ တစ်ချိန်ကိုယ်ပြန်လည်ရယူနိုင်အောင် ကြိုးစားခွင့်ရှိပေမယ့် "အချိန်အလွန်နောက်ကျသွားပြီ၊ ငါဒီအချိန်မှရတော့ ဘာလုပ်လို့ရမလဲ၊ အလာကောင်းပေမယ့် အခါနှောင်းသွားပြီ၊ အသက်တွေလည်းကြီးလာပြီ အချိန်ကုန်မခံတော့ပါဘူး၊ ဒီအရွယ်ကြီးမှ သင်ယူနေရတာ လေ့လာနေရတာ ရှက်စရာကြီး" စတဲ့ ဆင်ခြေတွေအောက်မှာ ဆုံးရှုံးခဲ့ကြတာများပါတယ်။ ဒါကြောင့် ဒီစာစုလေးမှာ မိတ်ဆွေတို့ကို အဓိက တိုက်တွန်းပေးချင်တဲ့ဆန္ဒကတော့ "ဘဝက ဘယ်အရွယ်မှ အောင်မြင်ရမယ်သတ်မှတ်မထားဘူး၊ အောင်မြင်မှုက သင် အသက်ရှူနေသရွေ့ လိုအပ်နေတယ်" ဆိုတာသိထားစေချင်ပါတယ်။
▪️သိတဲ့အချိန် ခြေလှမ်းစဖို့အကောင်းဆုံးဥပမာကတော့ ပညာရှာ အိုသည်မရှိ၊ ပညာရွှေအိုးအကြောင်းပါပဲ။ ပညာရေးအကြောင်းပဲပြောပေမယ့် ကျန်တဲ့ အခြေအနေတွေအားလုံးကိုလည်း ဆက်စပ်အတုယူပြီး အသုံးချနိုင်ဖို့လိုပါမယ်။
၂၀၁၅ လောက်က သတင်းလေးတခုတွေ့လိုက်တယ် ကင်ညာနိုင်ငံက အသက် ၉၀ ကျော်အဘွားတစ်ယောက်ဟာ သူ့ရွာလေးကမူလတန်းကျောင်းမှာ ရွာသားကလေးငယ်တွေနဲ့အတူ ပြန်တက်ရင်း စာတွေလေ့လာနေတဲ့ အကြောင်းလေးဖတ်ရပါတယ်။ သူ့ကြောင့် တရွာလုံးက ကလေးငယ်တွေအားလုံးဟာ ပညာသင်ရတာကို ပိုမိုတက်ကြွလာစေသလို စာသင်ကျောင်းက ဆရာ/ဆရာမတွေဟာလည်း ကျောင်းအတွက် ဂုဏ်ယူမဆုံး ဖြစ်ကြရတယ်။
နိပေါနိုင်ငံက အသက် ၈၀ အဘွားအိုတစ်ဦးကလည်း သူဒီရွယ်မှာ ကျောင်းပြန်တက်ပြီး ၁၀ တန်းစာမေးပွဲကိုဖြေဆိုနိုင်ခဲ့လို့ သူ့ကိုယ်သူဂုဏ်ယူကြောင်းနဲ့၊ နောင်လူငယ်တွေကို ပညာရေးဟာ ဘယ်လောက်အရေးပါသလဲဆိုတာရယ် ပညာရှာ အိုသည်မရှိ ဆိုတာ သိစေချင်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။
▪️ဒါ့အပြင် ၁၀ တန်းစာမေးပွဲကို ၄၈ နှစ်ဆက်တိုက် ဖြေဆိုလာခဲ့တဲ့ မော်လမြိုင်ကျွန်းမြို့နယ်က အသက် (၇၃) နှစ်အရွယ် ဦးသိန်းညွှန့် အကြောင်းလည်း ကြားဖူးကြမှာပါ။ သူဟာ ကျန်းမာရေးကောင်းနေသရွေ့ ဇနက္ကထုံးနှလုံးမူပြီး ဒီ စာမေးပွဲကို အောင်မြင်တဲ့အထိ လက်မလျှော့ပဲ ဆက်လက်ဖြေဆိုသွားမယ်လို့ ပြောပါတယ်။
ကမ္ဘာကျော် မင်းသားကြီး Morgan Freeman ဆိုရင် အသက် ၂၇ နှစ်မှာ အနုပညာလောကကို စဝင်လာပြီး ကြိုးစားခဲ့ပေမယ့် ထင်သလောက်မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့်သူ ရပ်တန့်မသွားပဲ ကြိုးစားခဲ့တဲ့အခါ နှစ်ပေါင်း ၄၀ အကြာ အသက် ၆၇ နှစ်ရောက်၂၀၀၄ ခုနှစ်မှာ Million Dollar Baby ဇာတ်ကားနဲ့ အကောင်းဆုံး ဇာတ်ပို့ဆုကို ရရှိခဲ့တယ်။
Colonel Sanders ဟာ ငါအသက်ကြီးပြီ ဒီအသက်အရွယ်ရောက်မှ ဘာလို့အလုပ်အသစ်တွေ လုပ်စရာလိုတော့မလဲလို့သာတွေးခဲ့ရင် ဒီကနေ့ ကျွန်တော်တို့အတွက် KFC ဆိုတာဘယ်ဖြစ်လာမလဲ။ သူတွေးတာရှင်းတယ် သူဟာဘဝမှာ အလုပ်တွေမျိုးစုံလုပ်ခဲ့ဖူးပြီ မအောင်မြင်ခဲ့ဘူး၊ ဒါပေမယ့် သူမလုပ်ဖူးသေးတဲ့လည်း အများကြီး ရှိနေသေးတယ် အဲဒီအလုပ်တွေထဲမှာ သူ့အောင်မြင်မှုရှိနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် KFC ဖြစ်လာတာပါ။
▪️ဒီအကြောင်းတွေဖတ်ရင်း တချို့က ဒီအသက်အရွယ်ရောက်မှ ဒါတွေလိုသလားလို့ မေးခွန်းထုတ်နေတာထက် ကိုယ်အသိပြန်ဝင်လာမယ်၊ ကိုယ်လုပ်နိုင်စွမ်းရှိမယ်၊ အခြေအနေပေးမယ်ဆို ခြေလှမ်းစဖို့သာလုပ်ပါ။ ကျွန်တော်ကိုယ်တိုင် ဒီအယူအဆကို အကောင်းဆုံးလက်တွေ့အသုံးချခဲ့ပုံကိုလည်း မျှဝေပေးချင်ပါသေးတယ်။
လမ်းပျောက်ရှာနည်း ခေါင်းစဉ်အောက်မှာ ကျွန်တော်ရေးခဲ့တာရှိတယ်။ ကောလိပ်ပထမနှစ်ပြီးတဲ့အချိန် ကျောင်းတွေအကန့်အသတ်မရှိပိတ်လိုက်လို့ စင်္ကာပူနိုင်ငံကို အလုပ်သွားလုပ်ဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းပါ။ နိုင်ငံခြားမှာ နှစ်အတော်ကြာနေခဲ့ပြီး မြန်မာပြည်ပြန်ရောက်တဲ့အခါ အိမ်ထောင်ပြုခဲ့တယ်။ ကိုယ်ပိုင်လုပ်ငန်းအသေးစားလေးတစ်ခုလည်း စတင်လုပ်ကိုင်လိုက်ပါတယ်။ နိုင်ငံရပ်ခြားမှာနေတုန်းက ကျောင်းပြန်တက်ဖို့ကြိုးစားခဲ့ပေမယ့် အခြေအနေမပေးခဲ့လို့ မတက်ခဲ့တဲ့အချိန်ကို ပြန်သတိရမိတဲ့အခါမှာတော့ ကောလိပ်ပြန်တက်ချင်စိတ်ဖြစ်လာပါတယ်။
၆ နှစ်နီးပါးကင်းကွာခဲ့တော့ မိမိတက်ခဲ့တဲ့ကောလိပ်ဟာ ဒီဂရီကောလိပ်အဆင့်တောင်ဖြစ်နေပါပြီ။ ပထမနှစ်တက်ခဲ့တုန်းက Day ကျောင်းသားအဖြစ်တက်ခဲ့ပေမယ့်
ဒုတိယနှစ်ကို အဝေးသင် စာပေးစာယူ ကျောင်းသားအဖြစ်ပြန်အပ်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ အသက်အရွယ်နဲ့ မိသားစုစားဝတ်နေရေးအလုပ်အကိုင်တွေကြားမှာ အကောင်းဆုံးရုန်းကန်ရင်း B.Sc ဘွဲ့တစ်ခုကို အမိအရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအချိန်က မိမိဟာ ကွန်ပြူတာနဲ့ အလုပ်လုပ်နေရတာမျိုးမဟုတ်ပေမယ့် နောင်တချိန်မှာ မိမိရဲ့စီးပွားရေးနဲ့ ခေတ်ကိုအမီလိုက်နိုင်ဖို့ ငါတတ်မှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ အားတဲ့အချိန်လုပြီး ကွန်ပြူတာသင်တန်းတွေကိုတက်ခဲ့ပါသေးတယ်။
▪️ဒီနေရာမှာ သတိရလို့ပြောအုံးမယ် "ကျည်ပွေ့အတက်ပေါက်" ဆိုတဲ့ စကားကြားဖူးကြမှာပါ။ သျှင်ဒိသာပါမောက္ခဖြစ်လာမယ့် ပုဂံခေတ်က အသက် ၆၀ အရွယ် ရဟန်းတစ်ပါးဟာ နံနက်တိုင်း သူသွားတိုက်ပြီးတဲ့ တံပူ(သစ်ရိုးသွားတိုက်တံ)တွေကို ကျောင်းအောက်မှာရှိတဲ့ ၄ တောင်ခန့်နက်တဲ့တွင်းထဲကို နေ့စဉ်ပစ်ချရင်း တွင်းကြီးပြည့်မောက်လာတဲ့အချိန်မှာ ရဟန်းကြီး အတွေးစဝင်သွားတယ်။
"ငါ တစ်နေ့ကို တံပူတစ်ချောင်းပဲပစ်ခဲ့ပေမယ့် တွင်းကြီးတောင်ပြည့်ခဲ့ပြီ၊ ငါကတော့ အသက်၆ဝ အထိ စာပေဘာမှ မလေ့လာခဲ့ပဲအမှတ်မဲ့နေခဲ့တာ ၊ တစ်နေ့ကို တံပူ လောက်သာလေ့လာခဲ့အုံးတော့ အခုလောက်ဆို ငါစာပေများစွာတတ်မြောက်နေမှာ" ဆိုပြီး အဲဒီအချိန်ကစ စာပေကို နေ့စဉ်မှန်မှန်ကြိုးစားခဲ့လို့ နောင်အခါ စာပေကျမ်းဂန်တွေကို ကိုယ်တိုင်ပြုစုနိုင်တဲ့အထိ တတ်မြောက်လာခဲ့ပါတယ်။
▪️ကျွန်တော် ကျောင်းတွေပြန်တက် သင်တန်းတွေတက် လုပ်နေတဲ့ အချိန်တုန်းမိမိကို ဦးကျည်ပွေ့အတက်ပေါက်တာလား ဘာညာစသဖြင့် လှောင်ပြောင်သူတွေရှိခဲ့ပါတယ်။ ကျောင်းပြန်တက် ဘွဲ့တစ်ခုပြန်ရအောင်ယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရယ် ၊ ကွန်ပြူတာသင်တန်း တက်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ ချက်ချင်းမသိသာသေးပေမယ့် နောက် ၁၀ နှစ်အကြာ နိုင်ငံတကာစီးပွားရေးမဟာဘွဲ့တန်းတစ်ခုကို တက်ရောက်ဖို့လုပ်တဲ့အခါ မရှိမဖြစ်လိုအပ်လာတာမျိုးအထိ အရေးပါခဲ့ပါခဲ့သလို ဒီကနေ့အထိ မိမိအတွက် အသုံးဝင်ခဲ့တာလက်တွေ့ပါပဲ။
ဒီနေရာမှာ မဖြစ်အနေကျောင်းတွေပြန်တက်၊ ဘွဲ့တွေအရေးကြီးတယ်ဆိုတာမျိုးကို အဓိကထား ပြောနေတယ်မထင်စေချင်ပါဘူး။ ပညာရေးသာမကပဲ ဘဝမှာ အခြားသော စီးပွားရေး၊လူမှုရေး၊နည်းပညာ၊ ခေတ်၊ စနစ် စတဲ့ကဏ္ဍတွေမှာလည်း မိမိကိုယ်မိမိ နောက်ကျတယ်ထင်ပြီးခြေလှမ်းမစရင် နောက်ဆုံးမှာပိုပိုပြီး ကျန်ခဲ့လိမ့်မယ်။
ရှေ့က ချမ်းသာတဲ့သူတွေကိုပဲကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်းရဲနေတယ်လိုက်တာလို့ အပြစ်တင်နေမယ့်အစား ကိုယ်တိုင်ချမ်းသာခွင့်ရှိတယ်ဆိုတာမမေ့ပဲ ခြေလှမ်းစပါ။ လောကကြီးက တစ်ဦးတစ်ယောက်သာချမ်းသာဖို့ပေးထားတာမဟုတ်ပါဘူး၊ ကြိုးစားတဲ့သူတွေအတွက် အောင်မြင်ခွင့်အားလုံးကို ပေးထားပြီးသားပါ။
▪️ဒီအချိန်မှာ နောက်ထပ်အရေးတကြီးအမီလိုက်ရမှာ နည်းပညာပါပဲ။ AI လို့ခေါ်တဲ့ ဉာဏ်ရည်အတုတွေနောက်ကို ကိုယ်တိုင်ပြုလုပ်တဲ့ မိမိတို့ ဦးနှောက်ဉာဏ်ရည်အစစ်သမားတွေ ခံနေရတယ်ဆိုတာမဖြစ်သင့်ပါဘူး။ ခံစားမှုအစစ်ကလွဲပြီး ကျန်တာတွေအားလုံးကို AI က လူသားတွေလို လုပ်နိုင်နေကြပါပြီတဲ့။ နည်းပညာနဲ့ပတ်သက်ပြီး ကျွမ်းကျင်အောင်မလုပ်နိုင်ဘူးဆိုရင်တောင် အခြေခံသိသင့်သိထိုက်တဲ့ သဘောတရားတွေ၊ အထူးသဖြင့် ဆက်သွယ်ရေး၊လေ့လာမှု၊သတင်းအချက်အလက် စတာတွေအတွက် လုံလောက်အောင်တတ်မြောက်ဖို့ လိုအပ်ပါမယ်။
လူတချို့က AI နဲ့ နည်းပညာတွေ အသုံးပြု စီးပွားရှာနေချိန်မှာ မိမိဟာ နည်းပညာရဲ့သားကောင်မဖြစ်စေဖို့ အခုပဲ ခြေလှမ်းစသင့်ပါတယ်။ ဖတ်ဖူးတဲ့စာစုလေးတစ်ခုကဘာပြောလဲဆိုတော့ တကယ်အောင်မြင်ချင်သူတွေအဖို့ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပဲတဲ့။ သိပ်မှန်ပါတယ် တကယ်တော့ သင်ယူနေတယ်၊ လေ့လာနေတယ်ဆိုတာ ဂုဏ်ငယ်စရာမဟုတ်ပါဘူး၊ မိမိအတွက်ဂုဏ်ယူစရာတစ်ခုပါ။
▪️ဒီလိုမိမိကိုယ်မိမိ နောက်ကျမှန်း သိလိုက်တဲ့အချိန်မှာ ခြေလှမ်းစဖို့ စိတ်မှာတွေဝေနေရင် အောက်ပါ မေးခွန်းတွေ ပြန်မေးခြင်းကနေ ယုံကြည်ချက်ပိုမိုခိုင်မာလာစေပြီး ခြေလှမ်းစဖို့အကောင်းဆုံး တွန်းအားဖြစ်စေပါလိမ့်မယ်။
🔸လက်ရှိ အခြေအနေကို ငါကျေနပ်လား?
🔸ငါဒီထက် အောင်မြင်တိုးတက်ချင်လား?
🔸မိသားစုနဲ့ ပါတ်ဝန်းကျင်ကို ပြောင်းလဲတိုးတက်စေချင်လား?
🔸ဘဝအတွက်အခွင့်အလမ်းတွေ ငါမရှာပဲ ဒီအတိုင်းရပ်နေတာ အဓိပ္ပါယ်ရှိရဲ့လား?
🔸သာယာပျော်ရွှင်တဲ့ ငါ့ဘဝ၊ငါ့မိသားစု၊ ငါ့ပတ်ဝန်းကျင် မဖြစ်ချင်ဘူးလား?
🔸ငါဟာ လွယ်လွယ်နဲ့အရှုံးပေးတတ်တဲ့ လူညံ့တစ်ဦးလား?
🔸တကယ်ပဲ ငါ့မှာ ဒီအခက်အခဲကို ကျော်ဖြတ်ဖို့ နည်းလမ်းမရှိတာလား၊ ငါမရှာဖွေတာလား?
စတဲ့မေးခွန်းတွေ မဖြစ်မနေ ထပ်ခါထပ်ခါ ပြန်မေးပေးပါ။ ဒီမေးခွန်း ၁ ခုစီကိုမေးပြီးတိုင်း လေးလေးနက်နက်တွေးပြီး အဖြေထုတ်ပါ။ ဒီ မေးခွန်းတွေကိုဖြေနေရင်း ခြေလှမ်းစဖို့ ခွန်အားတွေဖြစ်လာမှာဖြစ်သလို မိမိရဲ့ မူလရည်မှန်းချက်တွေပြန်ပေါ်လာပါလိမ့်မယ်။
မိမိတို့ရှင်သန်နေတာ ဘာအတွက်လဲ။ ကျွန်တော်ကတော့ "ငါရှင်သန်နေခြင်းဟာ ငါ့အတွက်တင်မဟုတ်ဘူး လောကလူသားအားလုံးအကျိုးဖြစ်စေတယ်၊ ဒါကြောင့် ငါ ရပ်နေလို့မရဘူး အကောင်းဆုံးကြိုးစား ရှေ့ဆက်ရမယ်၊ နောက်ကျတာအပြစ်မရှိဘူး၊ နောက်ကျမှန်းသိလျက် ခြေလှမ်းမစတာ အပြစ်ရှိတယ်" ဆိုတဲ့ အတွေးနဲ့ ကျွန်တော် ရှင်သန်နေပါတယ်။
မိတ်ဆွေတို့အားလုံးလည်း သိတဲ့အချိန် ခြေလှမ်းစပါ နောက်မကျသေးပါဘူး။
U AUNG -LGTI

0 Comments:
Post a Comment