"ကျွန်တော်နှင့် ဂျပန်လူငယ်လေး" ဆောင်းပါး အပိုင်း(၂)
(အကျိုးတရားတွေကိုရှင်းမလား၊ အကြောင်းတရားတွေကိုသတ်မလား)
ယခင်အပိုင်းမှ စတင်ဖတ်ရှုရန် Link 👇
https://www.facebook.com/share/p/k4gZhrcdwEUPNyqf/?mibextid=oFDknk
▪️"ဟုတ်ကဲ့ပါ ဒီမေးခွန်းအတွက် ကျွန်တော့်မှာ အဖြေရှိပါတယ်။ ကျွန်တော်ဟာ မြို့နဲ့အလွန်ဝေးကွာတဲ့ ကျေးလက်ရွာလေးတစ်ရွာမှာ မွေးဖွားကြီးပြင်းခဲ့သူတစ်ဦးပါ။ ငယ်စဉ်ကတည်းက စာဖတ်ရတာဝါသနာပါသလို စာရေးရတာပျော်မွေ့ခဲ့သူပါ။ စာပေဟောပြောပွဲအသံကြားရင် မနေနိုင်လောက်အောင်နားထောင်ချင်သူပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ နှစ်ခန့်က မိမိနေတဲ့ကျေးရွာလေးနဲ့ မိုင်ဆယ်ချီဝေးကွာတဲ့မြို့လေးတမြို့မှာ ကျင်းပတဲ့ စာပေဟောပြောပွဲတစ်ခုကို ခက်ခက်ခဲခဲ သွားရောက်နားထောင်ဖြစ်ခဲ့ပါတယ်။
အဲဒီမှာ စာပေဟောပြောပွဲ အခမ်းအနားကျင်းပသူတာဝန်ရှိသူတစ်ဦးက အားလုံးကြားဖူးပြီးသား ဆရာဇော်ဂျီရဲ့ "သင်သေသွားသော်" ဆိုတဲ့ ကဗျာလေးရွတ်ရင်း အဖွင့်စကားပြောပါတယ်။
ဆောင်းညတစ်ညကလည်းဖြစ် ရာသီဥတုကလည်း အေးချမ်း၊ စင်ပေါ်က စကားပြောသူရဲ့ အသံကလွဲလို့ နားထောင်သူတွေကလည်း အပ်ကျသံ မကြားရလောက်အောင် တိတ်ဆိတ်တည်ငြိမ်စွာ နားထောင်ရင်းပေါ့။
ဒီကဗျာကို ဖတ်ဘူးမှတ်ဖူးပေမယ့် ယခုလိုနားထောင်ရင်း မိမိစိတ်ထဲမှာ ဒီကဗျာရဲ့ အဓိပ္ပါယ်တွေ ပိုပြီးမြင်လာမိပါတော့တယ်။
ကဗျာကိုအစအဆုံးမရေးတော့ပါဘူး။ မိမိပြောလိုတဲ့ အပိုဒ်ကိုပဲ ထုတ်နှုတ်ပြောပါ့မယ်။
ကျွန်တော်ကပြောလိုက် စကားပြန်လေးက ဘာသာပြန်ပေးလိုက်နဲ့ ဒီအချိန်မှာ ခေါင်းငုံ့ပြီး မှတ်စုလေးရေးမှတ်နေတဲ့ဂျပန်လူငယ်လေး ခေါင်းထောင်လာပါတယ်။ ကျွန်တော်ပြောမယ့်ကဗျာကို သူစိတ်ဝင်စားနေပုံရတယ်။
▪️ဒါနဲ့ကျွန်တော် ကဗျာကိုစရွတ်ပြပါတယ်။
"ဪ လူပြည်လောက လူ့ဘဝကား
အိုရ နာရ သေရ ဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏"
ကဗျာဆရာကြီး ဆရာဇော်ဂျီ ဘာကိုပြောချင်တာလဲဆိုတာ ကျွန်တော်စဉ်းစားမိပါတယ်။
ကဗျာရဲ့ ပထမအပိုဒ်ကတော့ အားလုံးသိကြတဲ့အတိုင်း လူ့ဘဝရောက်လာရင် အိုရမယ် နာရ မယ် တနေ့သေရမယ်ဆိုတာ အမှန်တရားကြီးပဲ ဒါအားလုံးသိကြပါတယ်။
ကျွန်တော်ပြောချင်တာက ဒုတိယအပိုဒ်ပါ။
အိုတာ နာတာ သေတာ မဆန်းပေမယ့် သင်မသေခင် သင့်မွေးဖွါးရာဇါတိ၊ အသက်ရှင်နေထိုင်ရာအရပ်ဒေသ စတာတွေအတွက် တိုးတက်အောင်တစ်ခုခု လုပ်သွားသင့်တယ်လို့ ကဗျာဆရာတိုက်တွန်းထားတာ တွေ့ရပါတယ်။
ဒီအချက်ကို ကျွန်တော် လေးလေးနက်နက်ခံစားမိရကနေစပြီး မိမိမွေးရပ်ဇာတိ၊ မိမိကြီးပြင်းနေထိုင်ရာ အရပ်ဒေသဟာ ငါလက်ရှိ အချိန်ကထက် ငါသေသွားခဲ့ပြီးနောက်မှာ တိုးတက်မြင့်မားစွာ ကျန်ရစ်စေရမယ်ဆိုတဲ့ စိတ်နဲ့ ငါမသေခင် တတ်နိုင်သမျှကိုယ်ချင်းစာတရားနဲ့ အများကိုကူညီတဲ့ အလုပ်ကို စတင်လုပ်ဖို့ အတွေးဝင်ခဲ့ပါတယ်။
▪️ဒီလိုနဲ့ ကျွန်တော် အများအတွက် ကူညီတဲ့အလုပ်တွေလုပ်လာရင်း တနေ့မှာ အမေက "သားရေ မင်းအများအကျိုးလုပ်မယ်ဆိုရင် ရွှေဟင်္သာဆရာတော်ကြီးရဲ့
အများအကျိုး ရွက်သည်ပိုးက
ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း
မဖဲ့မစောင်း ၊ ကိုယ်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့
ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားရလိမ့်မယ်သား" ဆိုပြီး ဆုံးမခဲ့တဲ့အတိုင်း ကျွန်တော်လဲ ဆရာတော်ကြီးရဲ့ ဒီဆောင်ပုဒ်အတိုင်း အများအကျိုးလုပ်ဆောင်ရင်း ခရီးနှင်ခဲ့တာပါပဲ။
"နောက်ထပ်တစ်ချက်ရှိပါသေးတယ်။ အဲဒါကတော့ စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင်ရဲ့ စာပေဟောပြောပွဲမှာ သူ့အကြောင်းပြောခဲ့တဲ့ မွှေး ဝတ္ထုထဲက စာသားအချို့ကြောင့်လဲပါပါတယ်။"
ဒီလို ကျွန်တော်ပြောတာကို ဘာသာပြန်လူငယ်လေးက ပြန်ပြောလိုက်ချိန်မှာ ဂျပန်လူငယ်လေးဟာ စိတ်ဝင်တစားနားထောင်နေပါတယ်။
▪️စာရေးဆရာမကြီး ဒေါ်ခင်နှင်းယု ရဲ့ မွှေး ဝတ္ထုထဲက “လူဆိုတာ ကိုယ်ကျိုးစွန့်တဲ့စိတ်နဲ့ အများအတွက် အနစ်နာခံတဲ့စိတ်ကလေးမှ မပါရင် အခြားသတ္တဝါတွေနဲ့ ဘာထူးမှာလဲ” ဆိုတဲ့ “မွှေး” ဝတ္ထု ထဲက စာသားတွေကြောင့် ဆရာမကြီးဒေါ်သန်းမြင့်အောင်ဟာ အများအကျိုးလုပ်ဖို့ ခွန်အားဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။
ဒီအကြောင်းလေးဖတ်မိချိန်မှာ ကျွန်တော်လဲ ကိုယ့်ဘဝကို တော်တော်ကြောက်သွားတယ်။
ငါ လူဖြစ်တာဘာအတွက်လဲ၊ ငါဘာတာဝန်တွေကျေရမလဲ စသဖြင့်ပေါ့။ ငါ့မှာ ကိုယ်ကျိုးစွန့်တဲ့စိတ်ရှိရဲ့လား၊ အများအတွက်ရော အနစ်နာခံတဲ့စိတ်ရှိလားဆိုပြီး ပြန်မေးမိပါတယ်။ ဒီလိုစိတ်သာမရှိခဲ့ရင် ငါလဲ တခြားသတ္တဝါတွေနဲ့ မထူးဖြစ်တော့မယ်ဆိုပြီး အရမ်းတုန်လှုပ်သွားခဲ့မိပါတယ်။
အဲဒီနေ့ကစပြီး ကျွန်တော်ရဲ့စိတ်မှာ အများအတွက် ကိုယ်ကျိုးစွန့်တဲ့စိတ် အနစ်နာခံစိတ်ဟာ ခိုင်မာစွာတည်ရှိလာခဲ့တယ်လို့ ဖြေရပါလိမ့်မယ်ခင်ဗျာ။
ကျွန်တော့်ရဲ့ အဖြေကို ဂျပန်လူငယ်လေးလဲ အားရကျေနပ်သွားပုံရပြီး သူ့မျက်နှာဝင်းလက်လာပါတယ်။ အဲဒီနောက် ကျွန်တော်ကို နောက်ထပ်မေးခွန်းတွေ ဆက်ပြီးမေးပါတော့တယ်။
ဂျပန်လူငယ်လေးနဲ့ အမေးအဖြေအကြောင်းက ဒီနေရာမှာ အဆုံးသတ်ပါတယ်။
▪️နောက်ထပ် အတွေးတစ်ခုပေါ်လာတာက အများအကျိုးကို နှစ်ပေါင်းများစွာကူညီလာသူတစ်ဦးအနေနဲ့ ဒီလိုမိမိပါတ်ဝန်းကျင်က လူမှုဒုက္ခအကျိုးတရားတွေကို ဖြေရှင်းရင်း လူမှုဒုက္ခကိုဖြစ်စေတဲ့ အကြောင်းတရားကိုပယ်သတ်ပေးဖို့ စိတ်ကူးလာမိပါတယ်။
အများအကျိုးဆောင်ရွက်လိုစိတ်၊ ကိုယ်ကျိုးစွန့်အနစ်နာခံစိတ်ဟာ မိမိတို့ လူသားတိုင်း သေတဲ့အထိ မွေးမြူရမယ့် စိတ်ဓာတ်ပါ။ ဒီစိတ်ဓာတ်ရှိသူဟာ မိမိအတွက်ရော မိမိပါတ်ဝန်းကျင်အတွက်ပါ ကောင်းကျိုးကိုဖြစ်စေသော စိတ်မျိုးမို့ လွန်စွာမွန်မြတ်တဲ့ နှလုံးလှပိုင်ရှင်ပါပဲ။
ဒါပေမယ့် အထူးသတိချပ်ရမှာက မိမိပါတ်ဝန်းကျင်ကို သေတဲ့အထိ သင်အချိန်ပြည့် ကူညီပေးနေရပြီဆိုရင် ဒါဟာ မိမိပါတ်ဝန်းကျင်ရဲ့ လူမှုဒုက္ခ များခြင်းကြောင့်ပါပဲ။ အခြေအနေအရ ရေတိုကူညီနိုင်မှုအစီအမံ၊ ရေရှည်အကျိုးစတာတွေကို စနစ်တကျ စီမံတတ်ဖို့လိုပါမယ်။
ဒါဆိုရင် မိမိပါတ်ဝန်းကျင်ရဲ့ လူမှုဒုက္ခအကျိုးတရားတွေကို အခြေအနေအရ ရေတိုကူညီပေးနေရင်း တဘက်မှာလဲ လူမှုဒုက္ခကို ဖြစ်စေတဲ့ အကြောင်းတရားကို ရှာဖွေပြီး ကူညီဖြေရှင်းမှသာ သင့်အတွက်ရော သင့်ပါတ်ဝန်းကျင်အတွက်ပါ ထိရောက်တဲ့ ကူညီမှုကိုဖြစ်စေလိမ့်မည်ဆိုတာ သတိချပ်စေချင်ပါတော့တယ်။
အချုပ်ပြောရရင် "အကျိုးတရားတွေကိုရှင်းမလား၊ အကြောင်းတရားတွေကိုသတ်မလား" ဆိုတာ သတိမမေ့ကြပါနဲ့။
U AUNG -LGTI

0 Comments:
Post a Comment