"ဂျပန်လူငယ်လေးတစ်ဦး၏အမေးနှင့် မိမိ၏အဖြေ"
▪️အဖြစ်အပျက်က ၂၀၁၀ ဝန်းကျင်ကပါ။ ဒါပေမယ့်မိမိဘဝအတွက် ဒီဂျပန်လူငယ်လေးတစ်ဦး၏မေးခွန်း ကို ယနေ့အထိဖြေနေရဆဲပါ။ ဆရာတော်ဉူးသုမင်္ဂလ ဦးစီးကျင်းပတဲ့မြန်မာတစ်နိုင်ငံလုံး က လူမှုအဖွဲ့အစည်းများတွေ့ဆုံတဲ့ "စုံနံ့သာမြိုင်" နှီးနှောဖလှယ်ပွဲကြီးထဲ တက်ရောက်ခဲ့သူများမှာ မိမိလည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ တနိုင်ငံလုံးက လူမှုအဖွဲ့ကိုယ်စားလှယ်လူဦးရေ ၄ ထောင်ကျော် လောက်တက်ရောက်ခဲ့တဲ့ အင်မတန်ကြီးမားတဲ့တွေ့ဆုံပွဲကြီးတစ်ခုပါပဲ။
ပြည်တွင်းပြည်ပ သတင်းမီဒီယာ အစုံတက်ရောက်ခဲ့ကြတာလည်း တွေ့ခဲ့ရပါတယ်။ စာပေ၊ဂီတ၊ရုပ်ရှင်၊ NGOs/INGOs များအပြင် လူမှုရေး ၊ ဘာသာရေး၊ နိုင်ငံရေး နယ်ပယ်အစုံကလူပုဂ္ဂိုလ်တွေလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
အဲဒီပွဲကြီးမှာ မိမိအနေနဲ့ ကံကောင်းထောက်မစွာ ဂျပန်လူငယ်သတင်းထောက်လေးတစ်ဦးနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒီလူငယ်လေးဟာ အသက် ၂၀ ခန့်အရွယ်မျှသာရှိပေလိမ့်မယ်။ သူကဂျပန်နိုင်ငံရဲ့ တက္ကသိုလ်တစ်ခုမှာ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို လေ့လာသင်ယူနေတဲ့ လူငယ်လေးတစ်ဦးဖြစ်ကြောင်း သိရပါတယ်။
▪️ဒီနေရာမှာ တစ်ခု သတိချပ်မိတာက ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်နေကြတဲ့ နိုင်ငံတွေအများစုကိုလေ့လာကြည့်ရင် နိုင်ငံရေး သိပ္ပံလို့ခေါ်တဲ့ (Political science) ကို နိုင်ငံ့တက္ကသိုလ်ကြီးတွေမှာ တရားဝင်ထည့်သွင်း သင်ကြားပေးနေတာကို အထူးသတိပြုမိပါတယ်။ ဒါဟာ အင်မတန်ကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးအကြောင်းအရာတွေကို ငယ်ရွယ်စဉ်ဘဝမှာကတည်းက လေ့လာခွင့်ပေးခြင်းဟာ နိုင်ငံအနာဂါတ်အတွက် များစွာအထောက်အကူဖြစ်စေပါတယ်။
မိမိတို့ကြားဖူးနေကြစကားတစ်ခုလိုပါပဲ "နိုင်ငံရေးငါနဲ့မဆိုင်ဘူးဆိုပြီး သင်ထင်နေရင် တစ်နေ့ နိုင်ငံရေးက သင့်ကိုလာပတ်သက်ပါလိမ့်မယ်" ဆိုတဲ့ အတွေးအခေါ်မျိုး မိမိတို့အတွက်ငယ်စဉ်ကတည်းက ရှိထားရပါမယ်။ မိမိတို့ကျင်လည်ခဲ့တဲ့ ခေတ်နဲ့စနစ်ဟာ မသေရုံထမင်းတနပ်စားရဖို့ အသက်သွေးချွေးများစွာပေးဆပ် ၊ သေစာရှင်စာဖတ်တတ်ရုံမျှ သင်ကြားဖို့တောင်မလွယ်ကူ၊ နိုင်ငံရေးဆိုတဲ့ စကားလုံးကိုစာသင်ခန်းထဲ အသံတောင်ထွက်ဖို့မပြောနဲ့ ကိုယ့်အိမ်ကိုယ့်ယာထဲ မိသားစုစကားဝိုင်းမှာတောင် နိုင်ငံရေးစကားပြောဖို့ အခွင့်မသာခဲ့ကြဘဲ အကြောက်တရားကြီးစိုးစေခဲ့ကြတယ်။
▪️လူငယ်တိုင်းမှာ အနာဂတ်ရှိတယ်ဆိုရင် သူတို့အခွင့်အလမ်းတွေကို ပိတ်ပင်တားစီးဖို့မလုပ်ရပါဘူး။ လွတ်လပ်စွာ ပညာသင်ခွင့်၊ လွတ်လပ်စွာတွေးခေါ်နိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်၊ လွတ်လပ်စွာ သူ့အနာဂတ်ကို ရွေးချယ်ပိုင်ခွင့်၊ လွတ်လပ်စွာ အသက်ရှင်ရပ်တည်ခွင့်ဆိုတာ လူသားအားလုံးရဲ့ မွေးရာ ပါအခွင့်အရေးမဟုတ်လား။ ပြောချင်တာက အဲဒီဂျပန်လူငယ်လေးက မိမိကို ဘာတွေမေးသလဲဆိုတာ ဆက်ပြောပြချင်ပါတယ်။
မိတ်ဆက်ပေးသူက ကျွန်တော့်ကို အများအတွက်ကူညီတဲ့အလုပ်တွေ လုပ်ပေးနေတဲ့သူဆိုပြီး မိတ်ဆက်ပေးတော့ သူမေးမယ့်မေးခွန်းတွေကို မိမိကြိုသိနေသလိုဖြစ်မိခဲ့ပါတယ်။ ဒါနဲ့ မိမိကို အခန်းလွတ်တစ်ခုထဲခေါ်သွား ကင်မရာတွေတပ်ဆင် စားပွဲဝိုင်းကြီးတစ်ခုအလယ်မှာ မိုက်ကရိုဖုန်းတွေချ အဆင်သင့်ဖြစ်ပြီဆိုတော့ မေးခွန်းတွေ မေးကြဖြေကြတော့မယ်ပေါ့။
▪️အင်တာဗျူးအတွေ့အကြုံရှိတဲ့ မိမိအနေနဲ့လဲ ပေါ့ပေါ့ပါးပါးပါပဲ။ သူမေးနိုင်တဲ့ မေးခွန်းတွေက
-မိမိနာမည်ဘယ်လိုခေါ်လဲ
-အဖွဲ့နာမည်ကဘာလဲ
-အဖွဲ့မှာ ဘာတာဝန်ယူထားလဲ
-အဖွဲရဲ့ လတ်တလော လုပ်ဆောင်ချက်များ
-အဖွဲ့အင်အား ဘယ်လောက်ရှိလဲ
-ဘယ်ဒေသတွေအထိ ဘယ်လိုတွေကူညီနေလဲ
-ထပ်ပြီး ဘာတွေလုပ်ဖို့ ရည်မှန်းထားလဲ
စသဖြင့် ဒီမေးခွန်းတွေဖြေဖို့ မိမိကလည်း အဆင်သင့်ပါပဲ။
အင်တာဗျူးစပါပြီ
ပထမဆုံးမေခွန်းဘာဖြစ်မယ်ထင်ကြလဲခင်ဗျ။ ကျွန်တော်တွေးထားတဲ့ မေးခွန်းတွေဖြစ်ခဲ့မယ်ထင်လား?
ဂျပန်လူငယ်လေးက မိမိကိုစတင်နှုတ်ဆက်ပြီး မေးခွန်းစမေးပါပြီ။
"မေးချင်တာက အခုလိုအများကိုကူညီဖို့ ဒီလိုကိုယ်ချင်းစာစိတ် ဘယ်အချိန်ကစရလာခဲ့ပါသလဲ ဘယ် အကြောင်းအရာကနေ အခုလိုစိတ်စတင်ဖြစ်ပေါ်လာစေခဲ့ပါသလဲခင်ဗျ" တဲ့။
▪️အင်တာဗျူးအတွေ့အကြုံ ရှိသူပေမယ့် ဒီလူငယ်လေးရဲ့ ပထမဆုံးမေးခွန်းဟာ ချွေးပြန်သွားစေပါတယ်။ ဘာကြောင့်လဲဆိုရင် မိမိကိုယ်တိုင် အများကို ကူညီပေးနေတာတော့ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ မိမိဟာ "သူများယောင်လို့လိုက်ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိ" ခဲ့သူတော့မဟုတ်ပေမယ့် ဒီလို ကိုယ်ချင်းစာတရား ကို ဘယ်ကနေစပြီး ဘယ်လိုဒီစိတ်ဝင်ခဲ့လဲဆိုတာအမှန်တကယ် သတိမထားမိခဲ့ပါဘူး။ ဒီမေးခွန်းရဲ့ ဆိုလိုရင်းဟာ မိမိတို့ဘဝမှာ ဘာပဲလုပ်လုပ် ခံယူချက်၊ ရပ်တည်ချက်၊ ယုံကြည်ချက် ဘယ်လောက်ခိုင်မာလဲဆိုတာအရေးကြီးကြောင်း သိလိုတဲ့အဓိပ္ပါယ်များစွာပါဝင်တဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လဲ မိမိအနေနဲ့ ပထမဆုံး ဒီမေးခွန်းကို သေချာစဉ်းစားပြီး လေးလေးနက်နက် ပြန်ဖြေပေးခဲ့ပါတယ်။ ဒီမေးခွန်းနှစ်ခုကို ပေါင်းပြီး ဒီလိုဖြေခဲ့ပါတယ်ခင်ဗျာ။
(အပိုင်း ၂ ဆက်လက်ဖတ်ရှုပါခင်ဗျာ)
U AUNG -LGTI
(ပုံက အသက် ၂၀ အရွယ် U AUNG စင်္ကာပူနိုင်ငံမှာ ရှိစဉ်က )

0 Comments:
Post a Comment