"သင့်စိတ်၊ သင့်အတွေးဟာ သင့်ဘဝပါပဲ"
သင့်စိတ်ကို သင်ပိုင်တယ်၊ သင့်အတွေးကို သင်ပိုင်တယ်။ ဒါပေမယ့် လူအများစုဟာ သူတစ်ပါးအတွေးမှာ လိုက်ပါစီးမျောရင်း အချိန်ကုန်ခံကြတယ်။ မိမိစိတ်ကိုယ်ကြတော့ ဂရုမစိုက်ပဲ လူနဲ့စိတ်မကပ်တဲ့ပုံစံမျိုးတွေနဲ့ ပျာယာခတ်နေတတ်ကြပါတယ်။ သင့်မှာလဲ ကိုယ်ပိုင်စိတ်ရှိတယ်ဆိုတာသတိချပ်ပါ။ သင့်စိတ်မှာမှာလည်း စွမ်းအားတွေ ခွန်အားတွေ ဆွဲအားတွေရှိတယ်ဆိုတာ မမေ့ပါနဲ့။
ကျွန်တော်ဟာ ငယ်စဉ်က မြို့နဲ့ ၁၄ မိုင်ဝေးကွာတဲ့ ကျေးလက်တောရွာလေးတစ်ရွာမှာ မွေးဖွားသူပါ။ လမ်းပန်းဆက်သွယ်ရေးမကောင်းဘူးလို့ဘဲပြောရမယ်။ ကားလမ်းရှိပေမယ့် လမ်းက အဆင်းအတက်မဟုတ်ဘဲ မြေပြန့်မှာကိုပဲ အတော်ဆိုးပါတယ်။ နွေနဲ့ဆောင်းလို ပွင့်လင်းရာသီမျိုးဆိုရင်တောင် မြို့ပေါ်ကိုလိုင်းကားကြီးက နေ့စဉ်မထွက်နိုင်ပါဘူး။ မိုးတွင်းကတော့ လုံးဝ ကားလမ်းကို အသုံးပြုလို့မရပဲ ဧရာဝတီမြစ်နီးတဲ့အတွက် စက်တပ်မော်တော်တွေနဲ့ မြို့ကို တက်ရတဲ့ နေရာဒေသတစ်ခုပါ။ အခုတော့ ကတ္တရာလမ်းဖြစ်နေပါပြီ။
ဒါကိုဘာလိုပြန်ပြောပြနေတာလဲဆိုတော့ ကျွန်တော့်ရဲ့ ငယ်ဘဝ ၆ တန်းကျောင်းသားအခြေအနေလေးပြောပြမှာဆိုတော့ ပြန်ပြီးတွဲမြင်နိုင်ဖို့ပါ။
"အေးကွ ငါ စင်္ကာပူကိုအလုပ်ကိစ္စတစ်ခုခဏဝင်ပြီး ဘန်ကောက်မှာ မနက်စာခဏဝင်စားနေလို့ နောက်ကြသွားတာ" လို့ အဲဒီလို အဆက်အစပ်မရှိပဲ ပြောမိပြောရာ သူငယ်ချင်းတွေနဲ့ စနောက်ပြောကြလေ့ရှိပါတယ်။
နောက်ရက်တွေမေးရင်လည်း အဲဒီလိုပဲ စာထဲမှာ သင်ဖူး ကြားဖူးတဲ့ အခြားနိုင်ငံတွေကို သွားလာနေလို့ နောက်ကြတယ်လို့ ပြန်ဖြေလေ့ရှိပါတယ်။ ဆိုလိုတာက အဲဒီလို မြို့ပေါ်တောင် တစ်လတစ်ခါ မရောက်ဘူးတဲ့ ကျွန်တော်က ဘာဖြစ်လို့ အဲဒီလိုဖြေနေတာလဲ။ တကယ်ဆို လယ်ထဲအဖေနဲ့လိုက်ပြီး လယ်ထွန်နေလို့ အမေနဲ့ တောင်ယာထဲခဏလိုက်နေလို့ ဘာလို့မဖြေတာလဲ။ စာကို ဆက်ပြီးဆုံးအောင်ဖတ်ပေးပါ စိတ်ရဲ့ Power ကိုသိမြင်လာပါလိမ့်မယ်။
ကျွန်တော်က အဲဒီအထဲမှာ အမြဲတမ်း ကားရုပ်လေးနဲ့ပဲ ကစားတယ်။ ဘုရားပွဲဈေးရောက်ရင် အတူတူစော့တဲ့သူတွေက နွားရုပ်လေးတွေဝယ်တတ်ကြတယ်။ ကျွန်တော်ကတော့ ကားရုပ်လေးတွေပဲ ရှာဝယ်ပါတယ်။
အဲဒီလို ၆ တန်းကျောင်းသားဘဝက သူငယ်ချင်းတွေနဲ့ ရှုပ်ကြနောက်ကြ ပြောခဲ့တဲ့ ပြည်ပနိုင်ငံကြီးတွေထဲက နိုင်ငံတစ်ခုကို အသက် ၁၉ နှစ်မှာ ကျွန်တော်စရောက်သွားခဲ့တယ်။ နောက်ထပ်လဲ အခြားကျန်နိုင်ငံအချို့ကို ကျွန်တော် ငယ်ငယ်ကပြောခဲ့တဲ့အတိုင်းရောက်သွားခဲ့တယ်။
ဆိုလိုချင်တာက အဲဒီအခြေအနေတွေကိုပြန်ကြည့်ရင် ငယ်ငယ်ကလေးဘဝကတည်းက တည်လာခဲ့တဲ့စိတ်ရဲ့စွမ်းအားတစ်ခုဟာ ယနေ့အထိသက်ရောက်နေတယ်ဆိုတာ သတိထားမိစေချင်တာပါ။
ထပ်ပြီးမချွင်းမချန်ပြောရရင် ကျွန်တော်အခု စာရေးတာနေတယ်ဆိုတာ အခုမှ ရေးတတ်တယ်လို့ထင်ရင်မှားပါလိမ့်မယ်။ ငယ်ငယ် အလယ်တန်းကျောင်းသားဘဝကတည်းက စာစီစာကုံးအရေးကောင်းတဲ့အထဲမှာပါသလို သူငယ်ချင်းတွေအတွက် ရည်စားစာတချို့ကို အမြဲကူပြီးရေးပေးခဲ့ရဖူးသူပါ။ ၈ တန်းလောက်မှာ ကဗျာ ၅ ပုဒ်လောက်ရေးထားတဲ့ ကျောင်းစာရွက် ၅ ရွက်ကို အပ်ချည်ကြိုးနဲ့သီပြီး ကဗျာစာအုပ်အဖြစ် စိတ်ကူးယဉ်ထုတ်ခဲ့ဖူးပါတယ်။
ယနေ့အချိန် သင် ဘယ်လမ်းကိုလျှောက်ရမှန်းမသိဖြစ်နေရင် သင့်ငယ်ဘဝကို ပြန်တွေးပြီး အားယူပါ။ ငယ်ဘဝက ဘာတွေလုပ်ခဲ့ဖူးလဲ ၊ဘာတွေနှစ်ခြိုက်ခဲ့ဖူးလဲ၊ ဘာတွေဝါသနာပါခဲ့ဖူးလဲ၊ ဘာတွေကျွမ်းကျင်ခဲ့ဖူးလဲ။
အဲဒီအထဲမှာ သက့်အနာဂတ် သင့်ဘဝရှိတယ်ဆိုတာ လုံးဝမမေ့ပါနဲ့။
U AUNG -LGTI
0 Comments:
Post a Comment