"ဝေဖန်သူတွေကို တုံ့ပြန်နည်း"
ကျွန်တော်ကိုယ်တိုင် လူတွေရဲ့ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ဝေဖန်တာ ခံခဲ့ရဖူးပါတယ်။ အဓိက သူတို့ဝေဖန်တာက ကိုယ့်ရဲ့ကြိုးစားမှုရလဒ်တွေအပေါ် မုဒိတာမပွားနိုင်ကြဘဲ အပြုသဘောမဟုတ်တဲ့ အပျက်သဘောရှုမြင်မှုမျိုးနဲ့ ဝေဖန်ကြတာမျိုးပါ။
ကျွန်တော် အသက် ၂၆ နှစ်မှာ ဇာတိရပ်ရွာကနေ လက်ရှိနေထိုင်ရာမြို့ကို စတင်ပြောင်းရွှေ့လာတဲ့အခါ ခြံတစ်ကွက်စတင်ဝယ်ယူလိုက်ပါတယ်။ အလုပ်အကိုင်လုပ်ဖို့ အရင်းအနှီးကလည်း လက်ထဲမှာမကျန်တော့လောက်တဲ့အခြေအနေနဲ့ လုပ်ငန်းလုပ်ဖို့ အခက်တွေ့ခဲ့ရပါတယ်။ အရင်းအနှီးမရှိ မအောင်မြင်သေးခင် ဒီလိုအချိန်မှာ ကိုယ့်ကို အဖက်မလုပ်ချင်ကြတဲ့ လုပ်ငန်းရှင်တွေချည်းပါပဲ။
တစ်နေ့မှာတော့ ကိုယ့်ကိုခင်မင်ရင်းနှီးတဲ့ မိတ်ဆွေများစွာထဲကတစ်ဦးက စတင်ပြီး လုပ်ငန်းတစ်ခုကို အတူလုပ်ဖို့တွဲခေါ်ပါတယ်။ ကိုယ်တိုင်ကလည်း အလုပ်လုပ်နေရင်ပျော်နေတတ်သူ မပျင်းမရိတတ်သူမို့ အဲဒီလုပ်ငန်းဟာ ၂ နှစ်အတွင်း ဝေဖန်သူတွေ၊ အဖက်မလုပ်သူတွေ ထင်မှတ်မထားတဲ့ အောင်မြင်မှုမျိုးရရှိခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကိုယ့်ကို အရင်ကအဖက်မလုပ်ခဲ့တဲ့သူတွေ စပြီးမျက်စိကျလာတဲ့ လုပ်ငန်းရှင်ဘဝကို ရောက်လာပါတယ်။
ဒီလိုလုပ်ငန်းမျိုးကို နှစ်ပေါင်းဆယ်ချီလုပ်ကိုင်ပြီး မရသေးသူတွေကြားမှာ အချိန်တိုအတွင်း ကိုယ်ကအောင်မြင်အောင်လုပ်ပြီး ရယူနိုင်ခဲ့တဲ့အခါ ဝေဖန်သူတို့ ဘာပြောကြသလဲဆိုရင် "ဒီကောင် ကြက်ကန်းဆန်အိုးတိုးသွားတာပါ၊ ကြည့်နေ မကြာခင် ပြန်ပြုတ်လိမ့်မယ်" စသဖြင့် သူတို့တွေဟာ လူတစ်ဖက်သားရဲ့ကြိုးစားမှုကို အသိအမှတ်ပြု လက်ခံနိုင်စွမ်းထက် အပျက်သဘောရှူမြင် အပြစ်ရှာတတ်ကြပါတယ်။
အဲဒီလို ဝေဖန်ခံရချိန်မှာ ကျွန်တော့်ခေါင်းထဲဝင်လာတာက "သူတို့ကို တုန့်ပြန်နိုင်စရာနည်းလမ်းက တစ်ခုပဲရှိတော့တယ်၊ အဲဒါ ငါပိုပြီးအောင်မြင်အောင်လုပ်ပြဖို့" ဆိုတာပါပဲ။
ကျွန်တော်က ငယ်ငယ်လေးကတည်းက အများကိုကူညီရတဲ့အလုပ်ကို ဝါသနာတစ်ခုလိုဖြစ်ခဲ့သူဆိုတော့ စီးပွားရေးအပြင် လူမှုရေးလုပ်ငန်းတွေဘက်မှာလည်းပါဝင်ဦးဆောင်လုပ်ကိုင်ရင်း အချိန်တိုအတွင်းမှာ စီးပွားရေးသာမက လူမှုရေးဘက်မှာလည်း အတိုင်းအတာတစ်ခု အသိအမှတ်ပြုလာကြတော့ ဝေဖန်သူတွေ အသံတိုးသွားကြတယ်။
"တွေ့လား ဒီကောင် အခုတော့ ဒုက္ခရောက်ပြီ၊ ဘဝပျက်ပြီမို့လား" စသဖြင့် ကွယ်ရာမှာကျွန်တော့်အကြောင်း ဝေဖန်ပြောကြတယ်လို့ ကြားသိရပါတယ်။ ဒီအသံတွေကပဲ ကျွန်တော့အတွက် ခွန်အားကြီးပြန်ဖြစ်လာပြန်တော့တယ်။
အလုပ်တစ်ခုကို လွယ်လွယ်လက်မလျှော့တတ်တဲ့ ကိုယ့်ရဲ့အကျင့်၊ လောကဓံကို မိတ်ဆွေအဖော်တစ်ယောက်လို သဘောထားတဲ့ ယုံကြည်ချက်၊ အလုပ်တစ်ခုခုကိုလုပ်ရင် အောင်မြင်တဲ့အထိ စိတ်ရှည်ရှည်လုပ်ကိုင်တတ်တဲ့ ဇွဲလုံ့လ၊ ကိုယ့်အလုပ်ကို တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်၊ သူတစ်ပါးအကြောင်းနဲ့ ဘယ်တော့မှ အချိန်ကုန်မခံတတ်တဲ့သူ၊ စီးပွားရေး လူမှုရေး နိုင်ငံရေး ဘာသာရေး အစရှိတဲ့နယ်ပယ်တွေမှာ ထိုက်သင့်တဲ့အတွေ့အကြုံရထားတဲ့ အကျိုးကျေးဇူး၊ ခေတ်နဲ့စနစ်ကို မျက်ခြေမပြတ် အမီလိုက်နိုင်အောင် အမြဲကြိုးစားနေတဲ့ လေ့လာမှု ဒါတွေဟာ ဝေဖန်သူတွေ အသံပြန်တိတ်သွားစေတဲ့ အချက်တွေပဲဖြစ်ပါတယ်။
သူတို့ဝေဖန်မှုဆိုတာဟာ ကိုယ့်ရဲ့ကြိုးစားမှုကို ရပ်တန့်နိုင်စွမ်းရှိတဲ့အရာမဟုတ်ပါဘူး။ ကိုယ်တိုင်ကသာ ကိုယ့်ကြိုးစားမှုကို ရပ်တန့်နိုင်တာမျိုးပါ။ သူတို့ဝေဖန်လို့လည်း ကိုယ့်ကြိုးစားမှုကိုမရပ်တန့်သရွေ့ ကိုအောင်မြင်မှုက လျော့ကျသွားမှာမဟုတ်ပါဘူး။ကိုယ်တိုင်ကမကြိုးစားပဲ သူတို့သေလောက်အောင်ချီးမွမ်းနေလည်း ကိုယ့်အောင်မြင်မှုက တိုးလာမှာမဟုတ်ပါဘူး။
"ဝေဖန်သူတွေ အကြောက်ဆုံးအရာက ကိုယ့်ရဲ့ ပိုတိုးတိုးလာတဲ့ အောင်မြင်မှုပါ"။
"ကျွန်တော်ဝေဖန်သူတွေကို အကောင်းဆုံးပြန်လည်တုံ့ပြန်နည်းကတော့ သူတို့ဖြစ်စေချင်တာထက် အစပေါင်းများစွာ အောင်မြင်ပြနေခြင်းပါပဲ"။
U AUNG -LGTI
0 Comments:
Post a Comment