"လက်မလျှော့ပါနဲ့"
▪️တခါတရံ လူတချို့ဟာ ဘဝကို ဖြစ်ချင်တာဖြစ်စေတော့ဆိုပြီး လက်လျှော့အရှုံးပေးတတ်ကြပါတယ်။ ပတ်ဝန်းကျင်က ကိုယ့်ဘဝကိုဖြစ်စေချင်တဲ့ ပုံစံခွက်ထဲမှာ ရုန်းမထွက်နိုင်တော့ပဲ ပတ်ဝန်းကျင်က လာကပ်တဲ့ တံဆိပ်ပေါင်းစုံကို လက်ခံလေ့ရှိပါတယ်။ တကယ်တော့ လူတိုင်း ကိုယ့်ဘဝကို ကိုယ်ပိုင်တံဆိပ် ကိုယ်တိုင် ပုံဖော် ဖန်တီးခွင့်ဟာ ဘဝကပေးထားပေမယ့် အခုပြောမယ့် ဒီ အချက် ၃ ခုကြောင့် ဘဝကို ကိုယ်ဖြစ်ချင်တာထက် ပတ်ဝန်းကျင်ဖြစ်စေချင်တာမျိုး ဖြစ်ပါစေတော့ဆိုတဲ့ လက်လျှော့
ရေစုန်မျှောတာမျိုးဖြစ်တတ်ကြပါတယ်။
၁/ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားမှု
လူတိုင်းဟာ သူ့တန်ဖိုးနဲ့သူရှိကြပါတယ်။ ဒီအထဲမှာ ကိုယ့်ဘဝတန်ဖိုးဘာလဲဆိုတာ သိဖို့အထူးအရေးကြီးပါတယ်။ ကိုယ့်ဘဝရဲ့တန်ဖိုး ကိုယ်တိုင်မသိရင် တလောကလုံးက တန်ဖိုးရှိနေပြီး ကိုယ်ကသာ တန်ဖိုးမဲ့ နေသလို ခံစားလာရပါလိမ့်မယ်။ ဒီစိတ်ဟာ မိမိကိုယ်မိမိ ယုံကြည်ချက်ကျစေသလို စိတ်ခွန်အားကိုလည်း ကျဆင်းစေမှာပါ။ တကယ်တော့ ကိုယ့်မှာလည်း ဘဝကြီးကပေးထားတဲ့ အလိုလျှောက် ပါလာပြီးသား အနည်းဆုံးတန်ဖိုးတစ်ခုရှိနေတယ်ဆိုတာမမေ့ပါနဲ့။ ဒီတန်ဖိုးကို တွေ့အောင်မရှာပဲ အများစုဟာ မိမိကိုယ်မိမိ တန်ဖိုးမထားကြဘူး။ သူတစ်ပါးအပေါ် အထင်ကြီးမှုလွန်ကဲပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတတ်မှုကနေ နောက်ဆုံး မိမိဘဝကို လက်လျှော့အရှုံးပေးတဲ့အခြေအနေအထိ ရောက်လာတတ်ကြတာ သတိပြုရပါမယ်။
၂/ပျင်းရိမှု
"အောင်မြင်မှုမှာ ပျင်းရိသူတွေအတွက် နေရာမရှိ" ဆိုတဲ့ စာလေးနဲ့ အသိပေးချင်ပါတယ်။ လူတွေဟာ ကြိုးစားချင်စိတ်မရှိပဲ ပျင်းရိတဲ့စိတ်ကြောင့် ဘဝဟာ ပါတ်ဝန်းကျင်အရောင်မျိုးစုံတွေကြားမှာပဲ ကိုယ်ပိုင် တံဆိပ်ပျောက်နေကြပါတယ်။ လူတစ်ယောက်ဟာ ပျင်းရိလာရင် မကြိုးစားချင်တော့ပဲ ဆင်ခြေအမျိုးမျိုးတွေနဲ့ ဘဝကို အချိန်ဖြုန်းလာတတ်ကြပါတယ်။ အထူးသဖြင့် "ပျင်းရိခြင်းနဲ့ ရောင့်ရဲခြင်းကို ခွဲခြားသိမြင်ပါ"။ ပျင်းရိလာတဲ့အခါ ရောင့်ရဲခြင်းဆိုတဲ့ စကားလုံးနဲ့ ဆင်ခြေပေးလေ့ရှိပါတယ်။ ဒီလို အခြေအနေထဲ မိမိပါလာရင် ဘဝကို ကြိုစားရုန်းကန်မှုတွေမလုပ်တော့ပဲ အလွယ်တကူ လက်လျှော့ အရှုံးပေးတာမျိုးလုပ်ကြပါလိမ့်မယ်။
၃/ယုံကြည်ချက်အားနည်းမှု
ယုံကြည်ချက်ဆိုတာ ဘဝအသက်ရှင်ရပ်တည်နိုင်ဖို့အတွက် မရှိမဖြစ် ပင်မ "ချက်တိုင်" တစ်ခုပါပဲ။ ယုံကြည်မှုအားနည်းခြင်းဟာ မိမိရဲ့ သံသယစိတ်အပေါ် အထူးသဖြင့် အခြေခံပါတယ်။ လူတွေအပေါ် သံသယများခြင်းဟာ မိမိယုံကြည်မှုကိုကျစေပါတယ်။ ကိုယ့်အားကိုယ်မကိုးတတ်ပဲ သူတစ်ပါးကို အထင်ကြီးမှုလွန်ကဲပြီး မိမိကိုယ်မိမိ အထင်သေးလာတဲ့စိတ်မျိုးဝင်လာတာနဲ့ လက်ရှိအခြေအနေကို ဖြစ်သမျှအကြောင်း အကောင်းပဲဆိုကာ လွယ်လွယ်ကူကူ ဘဝကို လက်လျှော့အရှုံးပေးတတ်တဲ့သူ ဖြစ်လာတတ်ပါတယ်။
ဒီနေရာမှာ အထူးသတိချပ်စေချင်တာက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားမှု၊ ပျင်းရိမှု၊ ယုံကြည်ချက် အားနည်းမှု စတဲ့ ၃ ချက်ကြောင့်ပတ်ဝန်းကျင်ရဲ့ ပုံစံခွက်ကနေ ထွက်မရပဲ မိမိပန်းတိုင်ပျောက်ပြီး ပတ်ဝန်းကျင်က လာကပ်သမျှ တံဆိပ်ပေါင်းစုံကြားမှာ ဘဝကို လက်လျှော့အရှုံးပေး နေထိုင်သွားခြင်း မျိုးကို ရှောင်ရှားကြဖို့ လိုအပ်ပါမယ်။
U AUNG -LGTI
Photo - Pinterest

0 Comments:
Post a Comment