▪️ရောင်နီ တကယ်လာပြီ
လောကမှာ အကောင်းနဲ့အဆိုး၊ အကြောင်းနဲ့အကျိုး၊ ကုသိုလ် အကုသိုလ်၊ အမှားနဲ့အမှန် ဆိုတဲ့ ဓမ္မနဲ့အဓမ္မ၊ အလင်းနဲ့အမှောင် ဒီလို ယှဉ်တွဲနေတဲ့ လောကဖြစ်စဉ်အောက်မှာ လူသားတိုင်းဟာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လျှောက်လှမ်းနေကြပါတယ်။ လောကဓံရဲ့ အလှည့်အပြောင်းတွေဆိုတာ တစ်ခါတလေ ဆန်းဆန်းပြားပြားတွေဖြစ်တတ်တယ်လို့ထင်တတ်ကြတယ်။ တချို့က ကံ ဆိုပြီး အလွယ်တကူအဆုံးသတ်လိုက်ကြတယ်။ ဒီ ကံ ဘယ်လိုဖြစ်ရတာလဲ၊ ဘာကြောင့်လဲဆိုတဲ့ ကံ လာရာလမ်းကို ကြည့်မြင်တတ်ဖို့က အရေးကြီးလှပါတယ်။
တကယ်တော့ ကံ အကြောင်းတွေ အတိတ်ဆိုတဲ့ စကားလုံးတွေကို အကျယ်တဝံ့ပြောဖို့မဟုတ်ပေမယ့် ဒီနေရာမှာ ကံ၊ကံ၏အကျိုးကို ယုံကြည်သူတစ်ယောက်အနေနဲ့ ကံ ဆိုတဲ့ ကိုယ့်အလုပ် တနည်း အကြောင်းတရား နဲ့ ကံ အဖြစ်အပျက် တနည်း အကျိုးတရား ကို အမြဲနှလုံးသွင်း ဆင်ခြင်တတ်ဖို့ပါ။
ကောင်းတဲ့အလုပ် မကောင်းတဲ့အလုပ်၊ ကုသိုလ်ကံ အကုသိုလ်ကံ ဆိုတာကိုတော့ စာဖတ်သူများ လက်ခံကြမယ် ယုံကြည်ပါတယ်။ ဒီလို ကံ အကြောင်း ကုသိုလ် အကုသိုလ် စတဲ့အကြောင်း အနည်းငယ်ထည့်သွင်းပြောဆိုရလို့ အယူအဆတွေ၊ ဘာသာရေးတွေ၊ ကိုးကွယ်ယုံကြည်မှုတွေ စတာတွေအပေါ်ပြောဆိုလိုခြင်းမဟုတ်ဘဲ လက်တွေ့အခြေအနေတချို့နဲ့ မီးမောင်းထိုးပြချင်တာပါ။
ဒီနေရာမှာ သတိပြုစရာပါလာတာက ကုသိုလ်ရော အကုသိုလ်ဟာ ကံ (ကိုယ့်လုပ်ခဲ့တဲ့အလုပ်) လို့ဆိုခဲ့တဲ့အခါ အကျိုးပေးတဲ့အခါမှာလည်း ကုသိုလ်အကျိုးပေးတင်မဟုတ်ဘဲ အကုသိုလ်ကလည်းအကျိုးပေးတယ်ဆိုတာမမေ့ပါနဲ့။ အကုသိုလ် အကျိုးပေးတယ်ဆိုလို့ ကောင်းကျိုးပေးတာမျိုးမထင်နဲ့ ဆိုးကျိုးကိုပါ။ ဘဝမှာ အလွန်အင်မတန်ကြောက်စရာအကောင်းဆုံးအချိန်ဟာ အကုသိုလ်ကံ အကျိုးပေးချိန်ပါပဲ။
ဒီနေရာမှာ ဆရာတော်ကြီးတစ်ပါးထံက ကြားနာခဲ့ဖူးတဲ့ ဥပမာတစ်ခုပေးပါရစေ။ တချိန်က ဆရာတော်ကြီးတစ်ပါးကို ဒကာတစ်ယောက်က လျှောက်တယ်တဲ့။
"မကောင်းမှုကို ကျူးလွန်နေပြီး သူတို့ဘာကြောင့် ကြီးပွားချမ်းသာနေရပါသလဲဘုရား" တဲ့။
ဒီအခါ ဆရာတော်ကြီးက အခုလို ဥပမာတစ်ခုနဲ့ ရှင်းပြတယ်။
သူတစ်ပါးအသက် သတ်ဖြတ်တာ၊ သူတစ်ပါး ပစ္စည်းခိုးယူတာ မကောင်းဘူးဆိုတာတော့ ဒကာကြီး သိထားပြီးသားပါ။တစ်ခါက မြို့တစ်မြို့မှာ မိသားစုတစ်စု ရှိကြတယ်တဲ့။ သူတို့မိသားစုဟာ သူတစ်ပါးအသက် သတ်ဖြတ်တာ၊ သူတစ်ပါး ပစ္စည်းခိုးယူတဲ့ အလုပ်အကိုင်နဲ့ စီးပွားဖြစ် ကြီးပွားချမ်းသာကြတယ်တဲ့။
တစ်နေ့တော့ သားဖြစ်သူက သူ့ရဲ့အဖေကိုပြောတယ် "အဖေ သားတို့အလုပ်ကြီးက မကောင်းဘူး၊ အခုလို နေ့စဉ် သူတစ်ပါးအသက် သတ်ရတာ၊ သူတစ်ပါး ပစ္စည်းခိုးရတာ မလုပ်ချင်တော့ဘူး၊ ကျွန်တော်တို့ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားကြရင်ကောင်းမယ်အဖေ" လို့ သူ့ရဲ့အဖေကို သားဖြစ်သူက ပြောတယ်။ ဒီအခါ အဖေဖြစ်သူကလည်း "အေး ကောင်းတယ် ငါ့သား၊ မင်း ပြောတာမှန်တယ်၊ ငါတို့ ဒီနေ့ကစပြီး ဒီအလုပ်တွေမလုပ်တော့ဘူး၊ ငါတို့ သမာအာဇီဝနဲ့ပဲ လုပ်ကြမယ်" ဆိုပြီး ရွှေဆိုင်တစ်ဆိုင် ဖွင့်လိုက်တယ်တဲ့။
သူတို့ဟာ တကယ်ကို သမာအာဇီဝကျကျနဲ့ရွှေဆိုင်ကို လုပ်ကိုင်ကြတယ်တဲ့။ ဒါပေမယ့် သူတို့ကိုယ်တိုင်က လုပ်ငန်းမကျွမ်းကျင်တာရယ်၊ မလေ့လာ မသင်ယူကြတာရယ်ကြောင့် အနှစ်နှစ်အလလ မကောင်းမှုနဲ့ စုဆောင်းထားတဲ့ အရင်းအနှီးတွေ တစ်နှစ်အတွင်း အကုန်ပြုတ်ပါလေရောတဲ့။ ဒီအခါ သားဖြစ်သူက အဖေ ကျွန်တော်တို့ မူလအလုပ်ပဲ ပြန်လုပ်ကြစို့လို့ ဆိုပြန်တယ်။ ဒါနဲ့ သူတို့မိသားစုဟာ မူလ မကောင်းတဲ့အလုပ်ကိုပဲ ပြန်လုပ်ကြတော့ တစ်နှစ်အတွင်း စီးပွားရေးက မူလအတိုင်းပြန်ပြီးကြီးပွားလာကြပြန်တယ်တဲ့။
ဒါကိုကြည့်ရင် ဒကာတို့ကတော့ မကောင်းမှုလုပ်နေတာ ဘာလို့ကြီးပွားနေရသလဲ မေးလိမ့်မယ်။ အဲဒါ ကုသိုလ်ကံကြီးပွားတာမဟုတ်ဘူး၊ အကုသိုလ်ကံကြီးပွားနေတာလို့ ခေါ်တယ်၊ တနည်းအားဖြင့် အကုသိုလ်ကံ အကျိုးပေးနေတာလို့ခေါ်တယ်တဲ့။
"ဒကာကြီး သေသေချာချာမှတ်ထားပါ ဒါ သူတို့အတိတ်ကပြုခဲ့တဲ့ အလုပ်အကြောင်းတရား အကုသိုလ်ကံဟာ အခုအချိန်မှာ ကောင်းမှုနဲ့လုပ်ပြီး ကြီးပွားချမ်းသာရမယ့် အကျိုးကံပါမလာတာမျိုး၊ ဒါကြောင့် မကောင်းမှုနဲ့ဘဲ ကြီးပွားတယ်ဆိုတာ အကုသိုလ်ကံ အကျိုးပေးနေတာ၊ သံသရာအတွက် သိပ်ကြောက်စရာကောင်းတယ်၊ ပစ္စည်းဥစ္စာပေါတာကလည်း အအေးစာတွေမဟုတ်ပဲ အပူစာတွေ သံရည်ပူတွေပါပဲ၊ ဒါပေမယ့် စဉ်းစားကြည့် အကုသိုလ်ကံ အကျိုးပေးလာချိန်မှာ ဘယ်လောက်ပဲ ကောင်းတဲ့အလုပ်နဲ့ သမာအာဇီဝ အသက်မွေးချင် မွေးချင် မရဘူး၊ သူတို့ကိုယ်တိုင် မကောင်းမှန်းသိသိနဲ့ကို ကျူးလွန်နေရတာ၊ သူတို့ဟာ အမြဲစိတ်ညစ်နေရတယ်၊ စိတ်ဆင်းရဲနေကြရတယ်၊ နောက်ဆုံးသူတို့မိသားစုဟာ ဒီဘဝမှာကိုယ်ပဲ စိတ်မချမ်းမသာဘဝနဲ့ နိဂုံးချုပ်ခဲ့ကြရတာ အဲဒါကိုက အကုသိုလ်အကျိုးပေးပဲ" တဲ့။
"ဒီမှာဒကာကြီး ရေအပြည့်ထည့်ထားတဲ့ ဖန်ခွက်ထဲကို ဆားလက်တစ်စုပ်ထည့်လိုက် ငံ မှာပေါ့၊ မြစ်ထဲကို အဲဒီ့ ဆားလက်တစ်စုပ်ပက်လိုက် ဖန်ခွက်ထဲကရေလောက် ဘယ်ငံတော့မလဲ၊ ဒါပေမယ့် အဲဒီ မြစ်ရေကို အကုန်ခမ်းအောင်ကျိုကြည့်လိုက် ထည့်ခဲ့တဲ့စား ပြန်ရလိမ့်မယ်။ ပြောချင်တာက အငံ ဓာတ်ရှိတဲ့ ဆားက ဆားပဲ၊ ဘယ်တော့မှ သူ့သတ္တိက ပျောက်မသွားဘူး၊ ဒီ သဘောပဲ ကုသိုလ်ပဲဖြစ်ဖြစ် အကုသိုလ်ပဲဖြစ်ဖြစ် ဘယ်ကံမဆို သေချာပေါက် အကျိုးပေးပါတယ်၊ အကုသိုလ်အမှုက ပြုပြီးရင် ခံကို ခံကမယ်" တဲ့။
ဆရာတော်ကြီးရဲ့ ဒီဖြေကြားချက်ဟာ အလွန်ပြည့်စုံပြီး သတိသံဝေဂယူစရာကောင်းလွန်းလှပါတယ်။
ဒီကနေ့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒီလိုဖြစ်စဉ်တွေ အများကြီးပါ။ ပစ္စည်း ဥစ္စာ ရာထူးအာဏာ အင်အားကြီးသူတွေကို သာမန်ကြည့်ပြီး အထင်လည်းမကြီးနဲ့ အားလည်းမကျမိကြပါစေနဲ့။ ပစ္စည်း ဥစ္စာ ရာထူးအာဏာ အင်အားကြီးသူတချို့ဟာ သူတစ်ပါးအသက် သတ်ဖြတ်မှ၊ သူတစ်ပါးပစ္စည်း ခိုးဖွက်မှ၊ လိမ်ညာမှ စတဲ့မကောင်းမှုနဲ့မှ ကြီးပွားရမယ့် "အကုသိုလ်ကံ အကျိုးပေးသူ" တွေပါ။
တစ်ခါတလေ သူတို့ရဲ့ အကုသိုလ်ကံအကျိုးပေးစက်ဝန်းထဲမှာ ကျွန်တော်တို့အကြောင်းတရားတွေ မလွတ်ကင်းခဲ့ရင် မီးပုံကြီးဘေး ထိုင်နေရသလို အပူတော့အဟပ်ခံရတဲ့သဘောတရားပါ။ ဒါကြောင့် အပူအဟပ်မခံရဖို့ ဒီ အကုသိုလ်မီးပုံကြီး ကျွန်တော်တို့ အားလုံးကို မကူးစက်အောင် ငြှိမ်းသတ်ဖို့ကြိုးစားကြရဖို့လိုသလို၊ လောင်စာတွေကို ဖယ်ရှားပစ်ဖို့လိုပါမယ်။ လောင်စာအားကောင်းနေတဲ့အချိန် မီးကိုမငြိမ်းသတ်နိုင်သေးပေမယ့် မီးရဲ့သဘောက လောင်စာကုန်ရင် ဆက်လက်မလောက်ကျွမ်းနိုင်တော့ပါဘူး။ တနည်းပြောရရင် သူ့အကုသိုလ်ကံကပဲ ဒါတွေကို အဆုံးသတ်ပေးသွားပါလိမ့်မယ်။
ယခု ပတ်ဝန်းကျင်ရဲ့ အခြေအနေကိုလေ့လာကြည့်ရင် ထိုသူတို့ လုပ်သမျှလွဲ၊ ကြံသမျှလွဲ၊ စီမံသမျှလွဲလာပြီး အကုသိုလ်အကျိုးပေးအမြင့်ဆုံးအချိန်လို့ မြင်နေရပါပြီ။ ထိုသူတို့ နိဂုံးမှာလည်း ထိုသူတို့ မတရားရယူထားကြတဲ့ ငွေကြေး ဥစ္စာ အပူစာတွေက သံရည်ပူတွေလို ထိုသူတို့ကို လောင်ကျွမ်းစေပြီး ထိုသူတို့ စိတ်မချမ်းမြေ့ခြင်း၊ ပူလောင်ခြင်းတွေနဲ့သာ အဆုံးသတ်တော့မှာကို မြင်နေရပါပြီ။
ဒါဟာ ကျွန်တော်တို့အားလုံးရဲ့ လွတ်လပ်ခြင်း တကယ့်ရောင်နီပါပဲ။ ကိုယ်ယုံကြည်ခဲ့တဲ့လမ်း၊ ကိုယ်ယုံကြည်ခဲ့တဲ့ အမှန်တရား၊ ကိုယ်ယုံကြည်ခဲ့တဲ့ သစ္စာတရားသာ မပျက်ကြေး။
အကုသိုလ်ကံ အကျိုးပေးသူတွေ"ဘေး"မှ အမြန်လွတ်ကင်းကြပါစေ။
ဒီတစ်ခါ ရောင်နီတကယ်လာပါပြီ။
U AUNG -LGTI

0 Comments:
Post a Comment