"ကျန်းမာရေးဂရုစိုက်တဲ့ အချိန်တိုင်းဟာ ဝင်ငွေတွေပါပဲ"
▪️ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုသလိုပဲ လူတိုင်းဟာကျန်းမာဖို့ အထူးအရေးကြီးပါတယ်။ အလုပ်တွေကြိုးစားလို့ ဘယ်လောက်ပဲကြီးပွားချမ်းသာတယ်ဆိုပေမယ့် မကျန်းမာရင်တော့မပျော်ရွှင်ရပါဘူး။ "စိတ်ထောင်းလို့ကိုယ်ကျေ" ဆိုပေမယ့် စိတ်ချမ်းသာဖို့ဆိုတာလည်း ကိုယ်ကျန်းမာနေဖို့လိုပြန်ပါတယ်။
လူတယောက်ဟာကျန်းမာရေးမကောင်းတော့ဘူးဆိုရင်တော့ အရင်ဆုံးစိတ်ပျော်ရွှင်မှုမရှိတော့ပါဘဲ။ ကျန်းမာရေးဆိုးကျိုးရဲ့နောက်မှာ ကြီးမားတဲ့ ငွေကြေးကုန်ကျမှု၊ အလုပ်အကိုင်ဆုံးရှုံးမှု၊ တန်ဖိုးရှိတဲ့အချိန်ဆုံးရှုံးမှု၊ အခြားသော လွတ်လပ်ခွင့်မှန်သမျှဆုံးရှုံးမှုတွေနဲ့သာ ကြုံတွေ့ရမှာဖြစ်ပါတယ်။
လူအများစုဟာ အလုပ်တွေကြိုးစားကြတယ် ဒါပေမယ့် တစ်ဖက်မှာ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ဂရုစိုက်မှုအားနည်းကြတာတွေ့ရပါတယ်။ ဘယ်လောက်ပဲငွေရှာတော်ပါစေ မကျန်းမာတော့ဘူးဆိုရင် ရှာတဲ့ငွေဟာ ဆေးခန်းနဲ့ဆေးရုံမှာ အဆုံးသတ်သွားတာပါပဲ။
▪️တကယ်တော့ ကျန်းမာရေးကို ဂရုတစိုက်နဲ့နေထိုင်ရှင်သန်ခြင်းကလည်း ငွေရှာနည်းတစ်မျိုးဖြစ်တယ်ဆိုတာသတိပြုသင့်ပါတယ်။ ကျန်းမာရေးကြောင့် ကုန်ကျတဲ့ငွေမျိုးမရှိအောင်နေထိုင်ခြင်းကလည်း ဝင်ငွေတိုးအောင် စုဆောင်းပေးနိုင်ခြင်းပဲဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ပတ်သက်လို့ အထူးအထွေမလုပ်နိုင်ဘူးဆိုရင်တောင် နေ့စဉ်စားသောက်နေတဲ့အစားသောက်တွေအပေါ်မှာ ဂရုတစိုက်နဲ့ဆင်ခြင်တာ၊ တစ်နေ့ကို အချိန်နည်းငယ်ပေးပြီးတော့ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းတွေ လမ်းလျှောက်ခြင်းတွေစတာတွေလည်း အချိန်ပေးပြီး ပုံမှန်ပြုလုပ်သင့်ပါတယ်။
ဒီလိုကျန်းမာရေးအတွက်ပေးလိုက်တဲ့အချိန်တစ်နာရီဟာ လက်ရှိတစ်နေ့တာသင်ရနေတဲ့ဝင်ငွေထက် အစပေါင်းများစွာသာတယ်ဆိုတာမမေ့ပါနဲ့။ ကျန်းမာရေးအတွက်ပေးဖို့အချိန်မရှိဘူးဆိုရင် ဒါဟာကြီးမားတဲ့ သင့်ရဲ့အားနည်းချက်တစ်ခုပါပဲ။ လူတိုင်းဟာ၂၄နာရီအချိန်ပြည့် အလုပ်လုပ်ကိုင်နေရတာမျိုးမဟုတ်ပါဘူး။ မဆိုင်တာတွေနဲ့အချိန်ဖြုန်းမိနေတဲ့အထဲက တစ်နာရီလောက်ကို ကျန်းမာရေးအတွက်အသုံးပြုခြင်းက တန်ဖိုးမဖြတ်နိုင်တဲ့ ရလဒ်တခုကိုပိုင်ဆိုင်စေပါလိမ့်မယ်။
▪️ပတ်ဝန်းကျင်မှာ ကျန်းမာရေးကိုအလေးထားသူနဲ့ ကျန်းမာရေးကိုအလေးမထားသူတွေကိုလေ့လာကြည့်ပါ။ အချိန်တိုအတွင်းမှာအဖြေတစ်ခုမှမတွေ့မြင်နိုင်ရင်တောင် အချိန်ကြာလာတဲ့အခါမှာ ရလဒ်တွေအင်မတန်ကွာခြားလာတာတွေ့ရပါလိမ့်မယ်။
ကျွန်တော်ကိုယ်တိုင် ဆယ်စုနှစ်များစွာကျန်းမာရေးကိုဂရုမစိုက်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့လိုအချိန်ကာလမှာ အသက်ရှင်နိုင်ရေးဟာ ပိုပြီးတော့အရေးကြီးလာတဲ့အခါကျတော့ ကျန်းမာရေးကိုဂရုစိုက်ဖြစ်လာပါတယ်။ နေ့စဉ် များမြောင်လှတဲ့တာဝန်တွေကြားမှာ အနည်းဆုံးအချိန် ၁ နာရီကိုကျန်းမာရေးအတွက် မဖြစ်မနေအသုံးချပါတယ်။
ဒီနေ့လိုကာလမှာ screen time များတဲ့ကျွန်တော်တို့လိုလူတွေ၊ အထိုင်များတဲ့ကျွန်တော်တို့လိုလူတွေအတွက် နေ့စဉ်တစ်နာရီကို အားကစားတစ်ခုခုလုပ်ဖို့မဖြစ်မနေလိုအပ်ပါလိမ့်မယ်။
Gym ကစားတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ စတဲ့အကျိုးကျေးဇူးတွေကိုနောက်ထပ်ခေါင်းစဉ်တစ်ခုစီအလိုက် မျှဝေပေးသွားပါမယ်။
"ကျန်းမာရေးဂရုစိုက်တဲ့ အချိန်တိုင်းဟာ ဝင်ငွေတွေပါပဲ"
ဒီစာကိုဖတ်ရင်းမိတ်ဆွေတို့အတွက်တစ်စုံတစ်ရာကျိုးရှိတယ်ဆိုရင်တော့ YES လို့ရေးခဲ့ကြပါဦး။
U AUNG -LGTI

0 Comments:
Post a Comment