"ဆင်ခြေ ကို အဖော်မလုပ်မိစေနဲ့"
▪️အမေရိကန်နိုင်ငံရဲ့ စီပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ Warren Buffet ဆိုသူကတော့ "အလုပ်လုပ်ချင်စိတ်ရှိတဲ့သူက နည်းလမ်းရှာတယ်၊ လုပ်ချင်စိတ်မရှိသူကတော့ ဆင်ခြေဘဲရှာတယ်" လို့ပြောခဲ့တဲ့ စကားနဲ့စတင်ရပါမယ်။ အောင်မြင်မှုရဲ့ကြီးမားတဲ့ရန်သူထဲမှာ ဆင်ခြေပါဝင်ပါတယ်။ လူအများစုဟာ ဆင်ခြေနဲ့ အကျိုးအကြောင်းရှင်းပြချက်ကို လုံးထွေးချတတ်ကြပါတယ်။
အလုပ်တစ်ခုကို မလုပ်ခင် ဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုတာ မစဉ်းစားဘဲ မဖြစ်နိုင်ပါဘူး၊ ဘာကြောင့်၊ ဘယ်လိုကြောင့်လို့ပြောတာ "ဆင်ခြေ" ပါ။ အလုပ်တစ်ခုကို လက်တွေ့လုပ်ကိုင်ပြီးမြောက်ပြီးမှ အဲဒီအလုပ် ဘာကြောင့်အောင်မြင်ရတယ်၊ ဘာကြောင့် မအောင်မြင်ရတယ်ဆိုတဲ့ အကျိုးအကြောင်းအခြေအနေမှန်ကိုပြောဆိုခြင်းက "ရှင်းပြချက်" ပါ။
▪️တစ်နေ့လုပ်ငန်းခွင်တစ်ခုမှာ အထက်လူကြီးတစ်ယောက်က သူ့ရဲ့ ဝန်ထမ်းတစ်ယောက်ကို တာဝန်တစ်ခုပေးတယ်။ တစ်ယောက်ထဲဆို ၇ ရက်လောက်လုပ်မှ ပြီးနိုင်မယ့်စာရင်းတွေကို ဒီနေ့ တစ်ရက်နဲ့အပြီးလုပ်ပေးဖို့ တာဝန်တစ်ခုပေးလာတယ်ဆိုကြပါစို့။ ဘယ်လိုတုံ့ပြန်ကြမလဲ။
"ဘယ်လိုလုပ်ပြီးနိုင်မှာလဲ၊ ၇ ရက်စာလုပ်ရမယ့်အလုပ်ကို တစ်ယောက်ထဲကိုမဖြစ်နိုင်တာခိုင်းတယ်၊ ကြိုက်တဲ့သူကို ခိုင်းကြည့် မဖြစ်နိုင်ဘူး၊ မစဉ်းမစားနဲ့ခိုင်းတယ်" စသဖြင့်ပြောကြမလား။ ဒီလိုပြောတာမျိုးက အင်မတန်လွယ်တဲ့အတွက် လူတိုင်းနီးပါးပြောတတ်ကြပါတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးက ထိပ်ဆုံးကပြေးနေတော့ ဖြစ်နိုင်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းကို တစ်ခုမှမစဉ်းစားပဲ အဲဒီလို ချက်ချင်းတုံ့ပြန်မှုမျိုးက ဆင်ခြေဖြစ်ပါတယ်။
ဒါပေမယ့် နောက်ထပ်တစ်ဦးကတော့ သာမန်သူတွေစဉ်းစားသလို မတွေးဘူး။ "ငါ့အထက်လူကြီးကလည်း ဒါကိုမဖြစ်နိုင်မှန်းသိမှာဘဲ၊ သူဒီနေ့ ဒီစာရင်းတွေရမှဖြစ်မှာမို့ ငါ့ကိုလုပ်ခိုင်းတာဆိုတော့ ဖြစ်နိုင်မယ့်နည်းလမ်းစဉ်းစားရမယ်၊ ငါ့ကို တစ်ယောက်ထဲ မဖြစ်မနေလုပ်လို့ပြောတာမှမဟုတ်တာ" ဆိုပြီး သူ့အထက်လူကြီးကို အခုလို ပြန်ပြီးနည်းလမ်းပေးပါတယ်။
"ဟုတ်ကဲ့ပါ ဒီစာရင်းတွေ ဒီနေ့ ၁ ရက်ထဲနဲ့ပြီးအောင်လုပ်လို့ရပါတယ်ခင်ဗျ၊ ကျွန်တော့်ကိုတော့ အလုပ်ထဲက ကူနိုင်မယ့်သူ ၆ ယောက်လောက်ထည့်ပေးပါ" လို့ပြောလိုက်တဲ့အချိန်မှာ သူ့အထက်လူကြီးကလည်း "ဒါပေါ့ မင်းတစ်ယောက်ထဲ ဘယ်လုပ်နိုင်မလဲ၊ မင်းအဆင်ပြေတဲ့သူကိုခေါ်ကူခိုင်းပါ" လို့ပြောလိုက်တော့ ၇ ရက်စာလုပ်မှရမယ့်လိုချင်တဲ့စာရင်းတွေ ၁ ရက်နဲ့ပြီးမြောက်သွားပါတယ်။
▪️ဒီနေရာမှာ စောဒကတက်လာနိုင်စရာက မဖြစ်နိုင်မှန်းသိလျက် အထက်လူကြီးက မိမိ တစ်ယောက်ထဲကိုသာ မဖြစ်မနေလုပ်ခိုင်းတာပါဆိုရင် ဘယ်လိုလုပ်မလဲဆိုတာပေါ့။ ဒါဆိုရင်လည်း မိမိဘက်က မဖြစ်နိုင်ဘူးဆိုတာမျိုး ဆင်ခြေပေးခြင်းထက် လူ ၆ ယောက်အကူအညီပေးရင် ဖြစ်နိုင်တဲ့အကြောင်း ပြန်ရှင်းပြဖို့သာ ကြိုးစားလိုက်ပါ။ ဒီလို လက်တွေ့လည်းကျတယ်၊ အခြေအနေလည်းမှန်တယ်၊ မလုပ်ချင်လို့ ငြင်းဆန်တာမျိုးလည်းမဟုတ်ပဲ ကိုယ်တိုင်က လုပ်ချင်စိတ်နဲ့ ဖြစ်နိုင်တဲ့ နည်းလမ်းကို ပြန်စဉ်းစားအဖြေရှာပေးခြင်းမို့ ဒါဟာ ဆင်ခြေမဟုတ်တော့ပါဘူး။
ရေပေါ်လမ်းလျှောက်ပါလို့ပြောရင် မဖြစ်နိုင်ဘူးလို့ဖြေကြလိမ့်မယ်။ နည်းလမ်းစဉ်းစားသူတွေက လှေတွေ၊ သင်္ဘောတွေ တည်ဆောက်ပြီး ဖြတ်သန်းပြတယ်။
လူကို လေပေါ် ပျံပြပါလို့ပြောရင် မဖြစ်နိုင်ဘူးလို့သာ အားလုံးတွေးပြီး ဆင်ခြေပေးခဲ့ကြရင် လေယာဉ်ပျံတွေ တည်ထွင်ဖို့ ဖြစ်လာမှာမဟုတ်တော့ဘူး။ တချိန်က မဖြစ်နိုင်ဘူးထင်တာတွေ အခု အင်မတန်ကြောက်စရာကောင်းလာတဲ့ AI နည်းပညာက လက်တွေ့ပဲမို့လား။ ဘာတစ်ခုမှ မလုပ်ခင်မှာ မဖြစ်နိုင်ဘူးလို့တွေးတောတာထက် အတတ်နိုင်ဆုံး ဖြစ်နိုင်မယ့်နည်လမ်းတွေကို စဉ်းစားဖို့တိုက်တွန်းချင်ပါတယ်။
▪️စိုးရိမ်စိတ်များတဲ့သူ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတဲ့သူ၊ ပျင်းရိတဲ့သူတွေဟာ ဆင်ခြေအများဆုံးပေးတတ်ကြပါတယ်။ ဆင်ခြေကြောင့် အခွင့်အလမ်းတွေများစွာဆုံးရှုံးစေသလို ၊ ဆင်ခြေမပေးတတ်ပဲ လုပ်ချင်ကိုင်ချင် ကြိုးစားချင်စိတ်ရှိသူအတွက်ကတော့ အခွင့်အလမ်းကိုလည်း ဖြစ်စေတတ်ပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မိမိရဲ့ကိုယ်တွေ့တစ်ခုမျှဝေပေးချင်ပါတယ်။ ဒီနေရာမှာ မိမိအကြောင်းကို ထည့်သွင်းဥပမာပေးခြင်းဟာ ကိုယ်တွေ့လက်တွေ့ကြုံခဲ့ရတဲ့ ခိုင်မာတဲ့အကြောင်းအရာဖြစ်စဉ်များမို့ စာဖတ်သူများအတွက် ခွန်အားဖြစ်စေရန်ရည်ရွယ်မျှဝေခြင်းသာ ဖြစ်ပါတယ်။
မိမိဟာ ငယ်ငယ်ကတည်းက ဆင်ခြေမပေးတတ်အောင် ကြိုးစားလေ့ကျင့်လာနေထိုင်လာခဲ့ပါတယ်။ အလုပ်လုပ်နေရတာကို ကျေနပ်နေသူပါ။ မိမိကို ယုံကြည်လို့ တတာဝန်တစ်ခု၊ အလုပ်တစ်ခုခု မိမိထံရောက်လာရင် အတတ်နိုင်ဆုံး၊ အဖြစ်နိုင်ဆုံးနည်းလမ်းတွေကို လက်တွေ့ကျကျ ဦးစွာစဉ်းစားပါတယ်။ ဖြစ်နိုင်ခြေတွေကို တွက်ချက်ပြီးမှ အကြောင်းပြန်တဲ့အလေ့အကျင့်ကိုယူပါတယ်။
▪️အောင်မြင်ချင်သူတွေမှာ အလုပ်လုပ်ချင်စိတ်ရှိဖို့၊ ကြိုးစားချင်စိတ်ရှိဖို့ဟာ ဘယ်လောက်အထိအရေးကြီးလည်းဆိုတာ ကိုယ်တွေ့ပါ။ ကျွန်တော်က စင်္ကာပူနိုင်ငံမှာကားမောင်းတတ်လာခဲ့တာပါ။ ဖြစ်ပုံက ငယ်ငယ်ကတည်းက ကားရုပ်လေးတွေနဲ့ ဆော့ကစားရတာ ဝါသနာပါသလို၊ ခရီးသွားတဲ့အခါ ကားခေါင်းခန်းထဲမှာလိုက် ကားမောင်းတဲ့ ဦးလေးကြီးကိူကြည့်ပြီး ကလပ်၊ဘရိတ်၊လီဗာ၊ စတီယာတိုင် သူလုပ်ပုံကိုင်ပုံတွေကို စူးစူးစိုက်စိုက်လေ့လာခဲ့ဖူးတယ်။
ကလေးဘဝက ကစားကွင်းရောက်ရင်လည်း လျှပ်စစ်ကားနဲ့မောင်းတဲ့ကစားနည်းကို အလွန်ကြိုက်နှစ်သက်ခဲ့ပါတယ်။ ဒီလိုနဲ့ စင်္ကာပူနိုင်ငံရဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေတဲ့အချိန် လုပ်ငန်းခွင်ထဲက ပစ္စည်းသယ်တဲ့ ကားအသေးလေးတွေ၊ အမှိုက်ပစ်တဲ့ ချိန်းဂေါ်ကားလေးတွေ၊ သဲကျောက်သယ်ယူတဲ့ လေးဘီးထွန်စက်အသေးလေးတွေကို အခါအခွင့်သင့်တိုင်း ယူမောင်းလေ့ရှိပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကလည်း မိမိကို မောင်းတတ်တယ်ပဲထင်နေကြတာ တကယ်တော့ လေ့လာပြီး ကြိုးစားမောင်းရင်းတတ်သွားတာပါ။
▪️စိတ်ထဲမှာတော့ တကယ့်ကားအစစ်ကိုမောင်းချင်နေခဲ့မိတယ်။ တစ်နေ့မှာ စင်္ကာပူနိုင်ငံသား မိမိရဲ့ စီနီယာ က နေ့လည် ထမင်းစားနားပြီး ၁ နာရီအလုပ်ပြန်ဝင်ချိန်မှာ သူမောင်းနေတဲ့ ဒိုင်နာလို ၁၀ ပေကားပေါ်မှာ ပိုက်လုံးတွေတင်ပြီး ဆိုဒ်ထဲကနေရာတစ်ခုကို ပို့ခိုင်းပါတယ်။ စီနီယာကလည်း မိမိကို တကယ်ပဲကားမောင်းတတ်တယ်ထင်ပြီး ခိုင်းခဲ့ပုံပါ။ ဒီအချိန်မှာ မိမိကသာ အလုပ်လုပ်ချင်စိတ်မရှိ ပျင်းရိရင် "ကားမမောင်းတတ်ဘူးလေ" လို့ပြောလိုက်ရင် သူလည်းခိုင်းမှာမဟုတ်ပါဘူး။
မိမိအတွက်ကတော့ ဒီအခွင့်အလမ်းဟာ ရေငတ်တုန်း ရေတွင်းထဲဆိုသလို မိမိကိုယ်တိုင်ကလည်း ကားမောင်းတတ်ချင်ခဲ့တော့ ပြန်မငြင်းတဲ့အပြင် စိတ်ထဲက ကိုယ့်ကိုခိုင်းလို့ ကျေးဇူးပါကြိတ်တင်နေမိခဲ့တယ်။ ဒါနဲ့ ကားပေါ်တက် စက်နိုးပြီး အခုခေတ်လို အော်တိုကားတွေမဟုတ်တော့ အရင်းဆုံး ဂီယာအသွားအလာတွေကို စမ်းသပ်ကြည့်ပါတယ်။ ပြီးမှာ ကလပ်နဲ့ လီဘာအပေးအယူလေးကို မျှတအောင်လုပ်ပြီး စတင်မောင်းပါတယ်။ မောင်းစမှာ အခက်အခဲအနည်းငယ်ရှိခဲ့ပေမယ့် အတွေ့အကြုံအနည်းငယ်ကြောင့် အဆင်ပြေခဲ့ပါတယ်။ အဲဒီကစပြီး နောက်ပိုင်းမှာ လုပ်ငန်းခွင်ထဲကကားတွေကို စီနီယာတွေက ပေးမောင်းလာပါတယ်။
ဒီနေရာ ပြောချင်တာက ကားကိုမမောင်းတတ်ပဲ အလွတ်ကြီးလက်ခံလိုက်တာမျိုးတော့မဟုတ်သလို မိမိကိုယ်တိုင်က ကားမောင်းတာကို လေ့လာမှုတွေများစွာလုပ်ခဲ့တဲ့အပြင် အတွေ့အကြုံအနည်းငယ်ရှိတဲ့အပေါ်မှာ မိမိယုံကြည်ချက်၊ တတ်မြောက်ချင်တဲ့စိတ်၊ အလုပ်ကြိုးစားတတ်တဲ့ စိတ်ကို ပေါင်းထည့်ပြီး လက်ခံလိုက်တာမျိုးပါ။ တကယ်လို့သာ မိမိဟာ ယုံကြည်ချက်မရှိသူ၊ ပျင်းရိသူ တစ်ယောက်ဖြစ်နေခဲ့ရင် ကားမမောင်းတတ်ဘူးဆိုတဲ့ ဆင်ခြေမှာပဲ အခွင့်အလမ်းအားလုံးဟာ လမ်းဆုံးခဲ့မှာ အသေအချာပါပဲ။
▪️မိတ်ဆွေတို့ အောင်မြင်ချင်ရင် ဆင်ခြေကို အဖော်မလုပ်ပဲ အောင်စိတ်ကို အဖော်ပြုပါ။ သာမန်လူတစ်ယောက်က အကြောင်းအရာ ကိစ္စတစ်ခုခုကို စတင်စဉ်းစားတဲ့အခါမှာ ဒါဖြစ်နိုင်မလားဆိုတဲ့ လူတိုင်းတွေးတတ်တဲ့ အတွေးထက် မကျော်ကြပါဘူး၊ မလုပ်ခင်မှာ ဒါတော့မဖြစ်နိုင်လောက်ဘူးဆိုတဲ့ အကြောင်းပြချက် ဆင်ခြေအမျိုးမျိုးနဲ့ ရှောင်ထွက်တတ်ကြတယ်။
အောင်မြင်သူတစ်ယောက်ကကြတော့ အကြောင်းအရာ ကိစ္စတစ်ခုခုကိုစတင်စဉ်းစားတဲ့အခါမှာ ယုံကြည်ချက်အပြည့်အဝထားတယ်၊ ဒါကို မဖြစ်ဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းတွေကိုပဲစဉ်းစားကြတယ်။
ဒါကြောင့် အောင်မြင်ဖို့ "ဆင်ခြေနေရာမှာ နည်းလမ်းပါတဲ့ ဖြေရှင်းချက်ကို အစားထိုးပါ" လို့ပဲ တိုက်တွန်းလိုက်ပါရစေ။
U Aung-LGTI

0 Comments:
Post a Comment