"တန်ဖိုးဆိုတာ"
▪️လောကလူသားတိုင်းဟာ တန်ဖိုးကိုယ်စီရှိကြပေမယ့် တစ်ဦးနဲ့တစ်ဦးကတော့ တန်ဖိုးတွေမတူကြပါဘူး။ တန်ဖိုးဆိုတာဘာလဲ ၊ တန်ဖိုးရှိမရှိကို ဘယ်လိုတိုင်းတာမလဲ ဒါအရေးကြီးပါတယ်။
တန်ဖိုးဆိုတာ စာပေတွေထဲမှာတော့ "အနှစ်သာရ" လို့အဓိပ္ပါယ်ဖွင့်ကြတယ်။ သက်ရှိသက်မဲ့ မည်သည့်အရာမဆို သူ့ရဲ့ အနှစ်သာရရှိတဲ့အပေါ် အကဲဖြတ်ပြီး တန်ဖိုးကို သတ်မှတ်လေ့ရှိပါတယ်။ ရုပ်ဝတ္ထုတွေမှာတော့ သူ့ရဲ့ အသုံးဝင်မှုနဲ့ အရည်အသွေးကိုကြည့်ပြီး တန်ဖိုးကြီးခြင်း၊ တန်ဖိုးနည်းခြင်း၊ တန်ဖိုးမဲ့ခြင်း စသဖြင့် သတ်မှတ်ကြတယ်။ သက်ရှိလူသားတွေမှာတော့ သူ့ရဲ့ လောကအကျိုးပြုမှုနဲ့ အနှစ်သာရအပေါ်ကြည့်ပြီး တန်ဖိုးရှိခြင်း၊ တန်ဖိုးမဲ့ခြင်းကို သတ်မှတ်လေ့ရှိပါတယ်။
▪️တစ်ခါတစ်ရံမှာလည်း တန်ဖိုးကို သိတဲ့ တန်ဖိုးကိုမြင်တဲ့ တန်ဖိုးကို ထားတတ်တဲ့နယ်ပယ်မှာ အရာရာတန်ဖိုးကိုဖြစ်စေပေမယ့်၊ တန်ဖိုးကိုမသိ တန်ဖိုးကိုမမြင် တန်ဖိုးမထားတတ်တဲ့နယ်ပယ်မှာတော့ မိမိဟာ ဘယ်လောက်ပဲတန်ဖိုးကြီးမားနေပါစေ အဲဒီနယ်ပယ်အတွက်တော့ အကျိုးမကြီးဖြစ်တတ်ပါတယ်။ ဒါပေမယ့် မိမိမှာရှိရင်းစွဲတန်ဖိုးကတော့ လျော့ကျသွားမှာမဟုတ်ပါဘူး။
ဒီနေရာမှာ လူတစ်ယောက်ရဲ့ တန်ဖိုးရှိမရှိ ဘယ်လို စံပေတံတွေနဲ့ တိုင်းတာရမှာလဲဆိုတဲ့မေးခွန်းပေါ်လာပါတယ်။ လူတစ်ယောက်ကို အပေါ်ယံ အကဲဖြတ်ပြီးသူ့ရဲ့ တန်ဖိုးကို သတ်မှတ်ပြောဆိုဖို့ မလွယ်ကူနိုင်ပါဘူး။ တချို့ ဟန်ဆောင်မှုတွေကြားမှာ တန်ဖိုးသတ်မှတ်ချက်တွေ လွဲမှားနိုင်ပါတယ်။
သူတစ်ပါးက မိမိအပေါ်ခန့်မှန်းသတ်မှတ်တဲ့တန်ဖိုးဟာလည်း မိမိရဲ့ တန်ဖိုးအစစ်မဟုတ်ပါဘူး၊ ကိုယ်တိုင်ကသာ ကိုယ့်တန်ဖိုးကို အသိဆုံးပါ။
အခြားသူတစ်ယောက်ရဲ့တန်ဖိုးကိုခန့်မှန်းတဲ့နေရာ သို့မဟုတ် မိမိတန်ဖိုးကို သိနိုင်ဖို့ဆိုရင် တိုင်းတာရမယ့်အချက် ၃ ခုရှိပါမယ်။
၁▪️အတွေးအခေါ်
အခြားလူတစ်ယောက်ရဲ့အတွေးထဲ သူဘာတွေတွေးနေလဲဆိုတာ ခန့်မှန်းရခက်ပေမယ့် ကိုယ်တိုင်ဘာတွေတွေးနေလည်းဆိုတာသိဖို့က လွယ်ကူလှပါတယ်။ ကိုယ့်ရဲ့အတွေးထဲမှာ Negative တွေများနေလား ၊ အပြုသဘောဆောင်တဲ့ Positive တွေများနေလား ဒါအရေးကြီးပါတယ်။ နေ့စဉ် မျက်စိနှစ်လုံးပွင့်ချိန်ကစပြီး ငါချမ်းသာဖို့၊ ငါ့မိသားစုကြီးပွားဖို့ ၊ ငါ့သားသမီး ငါ့မြေးမြစ်တွေကောင်းစားဖို့ စတဲ့ အတ္တတွေနဲ့နိုးထပြီး တစ်နေကုန် ဝိသမလောဘအတွေးတွေနဲ့ပဲ ကုန်စေခဲ့တဲ့အတွေးမျိုးနဲ့ဖြတ်သန်းနေလား၊ ဒါမှမဟုတ် ကိုယ့်မိသားစုအပြင် ကိုယ့်ပတ်ဝန်းကျင်တိုးတက်ဖို့ လောကကြီးအေးချမ်းသာယာဖို့ စတဲ့ မေတ္တာတရားတွေနဲ့နိုးထပြီး တစ်နေကုန် ကိုယ်ချင်းစာတရားတွေနဲ့ ကြည်လင်တဲ့စိတ် သမလောဘအတွေးတွေနဲ့ဖြတ်သန်းနေလား၊ နေ့စဉ်မိမိ ဘယ်လိုတွေးနေလည်းဆိုတာကြည့်ရင် မိမိတန်ဖိုးကို တွက်စတိုင်းတာကြည့်လို့ရပါမယ်။
ဒါ့အပြင် လူတစ်ယောက် အမှားအမှန်၊ အကောင်းအဆိုး ၊အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်တဲ့ အသိဉာဏ်ပညာနဲ့ အတွေးအခေါ်ဘယ်လောက်အထိ မှန်ကန်မှုရှိလဲ၊ အတွေးအခေါ်ကောင်း အသိဉာဏ် များများရှိလေ တန်ဖိုးများလေပါပဲ။ အမှားအမှန်၊ အကောင်းအဆိုး ၊အကြောင်းအကျိုးကို ကောင်းစွာ ခွဲခြားသိမြင်နိုင်ခြင်းမရှိရင်တော့ no value ပါပဲ။
၂▪️အပြုအမူ
လူတစ်ယောက် သူဘာတွေလုပ်နေလဲ။ သူ့ရဲ့ ပြောဆို၊နေထိုင်၊လုပ်ကိုင်နေတဲ့ အပြုအမူတွေက သူ့ရဲ့တန်ဖိုးကို ဖော်ပြနေပါလိမ့်မယ်။ သူ့ရဲ့ ပြောဆို၊နေထိုင်၊လုပ်ကိုင်နေမှုဟာ အကျိုးရှိတာတွေလား အကျိုးမရှိတာတွေလား။ အကျိုးဆိုတဲ့နေရာမှာတော့ သူ့အကျိုးပဲကြည့်ပြီး အများအကျိုးမပါရင် ဒါ no value ပါပဲ။
သူ့လုပ်ရပ်ဟာ သူ့အတွက်လဲ အကျိုးမယုတ်သလို ကိုယ်ချင်းစာတရားနဲ့ လောကအကျိုး၊ အများအကျိုးရှိတာတွေလုပ်နေတယ်ဆိုရင်တော့ ဒါ အစွန်းမရောက်တဲ့ အပြုအမူဖြစ်တယ် တနည်းအားဖြင့် အတ္တ ပရ မျှတတဲ့နည်း win-win ပဲ။ ဒီလိုအပြုအမူ များများလုပ်နိုင်လေ အဲဒီလူတစ်ယောက်ရဲ့ တန်ဖိုးများများရှိတယ်လို့ ဆိုနိုင်လေပါပဲ။ သတိချပ်ရမှာက အများအကျိုးကိုပဲကြည့်ပြီး ကိုယ့်အကျိုးကိုယုတ်စေတဲ့ တစ်ဖက်စွန်းအပြုအမူမျိုးလဲ မဖြစ်စေရပါဘူး။
ပြောဆိုဆက်ဆံတဲ့နေရာမှာလည်း အပြန်အလှန်နားလည်မှု၊ ကိုယ်ချင်းစာမှု၊ သည်းခံတတ်မှု စတဲ့ကောင်းမွန်တဲ့လူမှုဆက်ဆံရေးပုံစံတွေရှိခြင်းဟာလည်း အပြုအမူကောင်းတွေဖြစ်သလို၊ ဂုဏ်သိက္ခာရှိတဲ့ စရိုက်လက္ခဏာတွေနဲ့ တည်ကြည်ဖြောင့်မတ်စွာနေထိုင်ခြင်း အပြုအမူကောင်းတွေရှိခြင်းဟာလည်း လူတစ်ယောက်ရဲ့ တန်ဖိုးတွေပါပဲ။
၃▪️ရိုးသားမှု
အရင်ဆုံးပြောချင်တာက ရိုးသားပါ။ "ရိုးအ" တာတော့မဖြစ်ပါစေနဲ့။ လူ့တန်ဖိုးကို တိုင်းတာတဲ့အချက်တွေထဲမှာ ရိုးသားမှုဟာ အရေးအကြီးဆုံး အခြေခံအချက်တစ်ခုဖြစ်ပါတယ်။
လူတစ်ယောက်တန်ဖိုးကိုကြည့်တဲ့အခါ အထက်မှာပြောခဲ့တဲ့ ၂ ချက်ဖြစ်တဲ့ သူ့ရဲ့အတွေးအခေါ်၊ အပြုအမူတွေအပေါ် သူကိုယ်တိုင်ဘယ်လောက်ရိုးသားလဲ ဆိုတာကြည့်ရပါမယ်။ သူ့ရဲ့ တွေးခေါ်မှုတိုင်း လုပ်ရပ်တိုင်း ရဲ့ ရည်ရွယ်ချက် ရပ်တည်ချက်ဟာ ရိုးသားမှုရှိမှ တန်ဖိုးဖြစ်စေပါလိမ့်မယ်။ တနည်းအားဖြင့်ပြောရရင် သူ့ရဲ့ရည်ရွယ်ချက်ဟာ အများအကျိုး လောကအကျိုးအပေါ်မှာ အမှန်တကယ်ရိုးသားဖို့လိုသလို မိမိအပေါ်မှာလဲ ရိုးသားဖို့လိုပါမယ်။
▪️တခါတရံလူတစ်ချို့ဟာ မိမိကိုယ်မိမိ တန်ဖိုးမထားတတ်ခြင်းကို အနစ်နာခံခြင်းလို့ဆင်ခြေပေးတယ်။ ပျင်းရိခြင်းကို ရောင့်ရဲခြင်းလို့ပြောတတ်ကြတယ်။ တာဝန်မဲ့ခြင်းကို ဥပေက္ခာပြုတယ်လို့ အကြောင်းပြချက်ပေးတယ်။ ထင်ပေါ်ကျော်ကြားလိုခြင်းအတွက် သူရဲကောင်းလုပ်ပြကြတယ်။ ဒါတွေကို ခွဲခြားသိဖို့လိုသလိုကိုယ်ချင်းစာတရားကို လိုရာဆွဲပြီး ဘာသာမပြန်မိဖို့ အထူးအရေးကြီးပါတယ်။ ဒါကြောင့် အမှန်တကယ် ရိုးသားကြပါလို့တိုက်တွန်းလိုပါတယ်။
အချုပ်အားဖြင့်ဆိုရရင် မိမိတန်ဖိုးကိုသိဖို့ ၊ သူတစ်ပါးတန်ဖိုးကို အကဲခတ်နိုင်ဖို့ ဒီပေတံ ၃ ခုနဲ့တိုင်းထွာအကဲဖြတ်နိုင်ပါမယ်။ အတွေးအခေါ်ကောင်းတွေ၊ positive attitude အပြုသဘောစိတ်ထားတွေ ၊ ကိုယ့်အကျိုး လောကအကျိုး မျှတတဲ့အပြုအမူတွေ၊ ရည်ရွယ်ချက်တိုင်း ရပ်တည်ချက်တိုင်းမှာ အမှန်တကယ်ရိုသားမှုတွေ ဒါတွေ အားကြီးရင်ကြီးသလောက် အဲဒီသူရဲ့ အနှစ်သာရ လို့ခေါ်တဲ့ တန်ဖိုးကြီးမှာဖြစ်ပြီး အမှန်တကယ်ရိုသားမှုမရှိရင်တော့ တန်ဖိုးမဲ့တဲ့သူ အနှစ်သာရ မရှိတဲ့သူလို့သတ်မှတ်ရပါလိမ့်မယ်။
လူ့ဘဝရခိုက် အချိန် တခဏတာအတွင်းမှာ တန်ဖိုးကြီးမြတ်သော အနှစ်သာရပြည့်ဝသော လူသားဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
U AUNG -LGTI
#UAung
#lifeguidetraininginstitute
#အတွေးစာစုများ
#ဆောင်းပါး

0 Comments:
Post a Comment