"တက္ကသိုလ်ရဲ့အထက်မှာ ဘာမှမရှိရဘူး "
▪️အခုရက် ပုဂ္ဂလိက ကျောင်းတွေကို University အမည်တပ်ခွင့်မပြုတော့ပါဆိုတဲ့ သတင်းတစ်ပုဒ်တွေ့လိုက်တော့ မြန်မာ့ပညာရေးအကြောင်း ဆရာဦးအောင်သင်း ဟင်္သာတမြို့ စာပေဟောပြောပွဲမှာ ပြောကြားခဲ့တာသွားပြီး အမှတ်ရမိပါတယ်။
"တက္ကသိုလ်ဆိုတာ တက္ကသီလ၊ တက္ကဆိုတာကြံစည်တတ်သော သီလဆိုတာ အကျင့်၊ ကြံစည်တွေးတောတတ်သောအကျင့်ရှိတဲ့နေရာလို့ အဓိပ္ပာယ်ရတယ်။ တက္ကသိုလ်ရဲ့အထက်မှာ ဘာမှမရှိရဘူး၊ ပညာရှင်သာရှိရမယ် အစိုးရနဲ့မဆိုင်ရဘူး အဲဒါမှ တက္ကသိုလ်" ဆိုပြီးပြောခဲ့တာ အဓိပ္ပာယ်အလွန်ပြည့်စုံလှပါတယ်။
ကမ္ဘာ့ထိပ်တန်း University ကြီးတွေဖြစ်တဲ့ Oxford, Harvard, Cambridge အစရှိတဲ့ တက္ကသိုလ်ကြီးတွေကို လေ့လာကြည့်တာ အာလုံးဟာ လွတ်လပ်တဲ့ ပုဂ္ဂလိက ပညာရေးအဖွဲ့အစည်းတွေဖြစ်သလို တက္ကသိုလ်တွေကအသိအမှတ်ပြုပညာရှင်တွေနဲ့ စုဖွဲ့ထားတဲ့ တက္ကသိုလ်ကောင်စီလို အဖွဲ့အစည်းတွေက တက္ကသိုလ်တွေရဲ့စံချိန်စံညွှန်း၊ ပညာရေးအကဲဖြတ်မှုတွေ စတာတွေကို ပြုလုပ်ပေးကြပါတယ်။ ဒီအပေါ်မှာ ဘယ်အစိုးရအဖွဲ့အစည်းကမှ တက္ကသိုလ်တွေရဲ့စီမံခန့်ခွဲမှုအပေါ်မှာ တက္ကသိုလ်ကောင်စီတွေကို စွက်ဖက်တာမျိုးမလုပ်ကြပါဘူး။ ကူညီပံ့ပိုးပေးတာမျိုးပဲရှိပါတယ်။ အထူးသဖြင့် သင်ကြားမှုစနစ်တွေ သင်ရိုးညွှန်းတမ်းတွေအပေါ်မှာအစိုးရကလုံးဝ မပတ်သက်ပါဘူး။
▪️အစိုးရတက္ကသိုလ်တွေနဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေဟာ သူ့ထက်ငါ ပိုမိုကောင်းမွန်နဲ့ပညာရေးစနစ်ကို ဖော်ဆောင်ဖန်တီးကြတယ်။ အစိုးရတွေကလည်း ပုဂ္ဂလိကတက္ကသိုလ်တွေကို အသိမှတ်ပြုကြသလို ပုဂ္ဂလိကတက္ကသိုလ်ကျောင်းသားတွေကိုလည်း ခွဲခြားဆက်ဆံတာမျိုးမရှိကြပါဘူး။ သူတို့ အဓိကလိုချင်တဲ့ရလဒ်ကတော့ ပညာတတ်ဖို့ပါပဲ။ "ငါ့အစိုးရ တက္ကသိုလ်တစ်ခုပဲရှိရမယ် ပုဂ္ဂလိက တက္ကသိုလ်ဖွင့်ခွင့်မရှိဘူး" ဆိုတာမျိုး ပညာရေးကို တန်ဖိုးထားတဲ့နိုင်ငံတွေမှာ မရှိကြပါဘူး။
ဒီနေရာမှာ ပြောစရာတစ်ခုရှိတာကတော့ ဒါဆိုရင် ပုဂ္ဂလိကတက္ကသိုလ်တွေကို ဒီအတိုင်းလွှတ်ထားရမှာလားဆိုတဲ့ မေးခွန်းပါ။ ကျင့်ဝတ်နဲ့ညီသော ပညာရှင်တွေအားကောင်းခိုင်မာတဲ့ တက္ကသိုလ်များကောင်စီ (ဒီနေရာမှာတော့ တက္ကသိုလ်ကောင်စီမှာပါဝင်သူတွေဟာ ပညာရှင်စစ်စစ်ဖြစ်ရပါမယ်၊ အစိုးရတရပ်ရဲ့ လက်ကိုင်တုတ်တွေ မပါရပါဘူး၊ မည်သည့်လွှမ်းမိုးမှုမှ ကင်းရပါမယ်) ဒီလိုပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တက္ကသိုလ်များကောင်စီရှိဖို့လိုပါမယ်။ သူတို့ကသာ တက္ကသိုလ်ရဲ့စံချိန်စံညွှန်းတွေကိုထိန်းညှိပြီးတော့ တက္ကသိုလ်အဆင့်သတ်မှတ်မှုတွေကို ပြုလုပ်ထားတာဖြစ်ရပါမယ်။ ဒါ့အပြင် တက္ကသိုလ်တွေဘက်ကလည်း အမှန်တကယ် တက္ကသိုလ်ကောင်စီကသတ်မှတ်တဲ့ တက္ကသိုလ်အင်္ဂါရပ်၊ စံချိန်စံညွှန်းနဲ့ ပြည့်မီဖို့လိုအပ်ပါမယ်။
▪️နိုင်ငံတကာမှာတော့ အစိုးရတရပ်ရဲ့ ပညာရေးအဖွဲ့အစည်းတွေက အခြေခံပညာရေးကိုပဲ ကိုင်တွယ်လေ့ကျင့်ပေးတာမျိုးလုပ်လေ့ရှိပြီး တချို့နိုင်ငံကြီးတွေမှာဆို အခြေခံအဆင့်ပညာရေးကိုတောင် ခြုံငုံတဲ့ မူဝါဒတစ်ခုသာချမှတ်ပေးထားပြီး ပုဂ္ဂလိက ပညာရေးစနစ်ကို လွတ်လပ်စွာ အားပေးဖော်ဆောင်တာတွေရှိပါတယ်။ တက္ကသိုလ်အဆင့်တွေကိုတော့ သီးခြားလွတ်လပ်တဲ့ ပညာရေးပုံစံကိုပဲ ဖော်ဆောင်ကြတာများပါတယ်။ ဒါသင် ဒါဖတ် ဒါကျက် ဒါဖြေ လိုမျိုး နိုင်ငံတစ်ခုရဲ့အစိုးရအဖွဲ့အစည်းဖြစ်တဲ့ ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်ပညာရေးတွေမှာ ဝင်ပါလာရင်တော့ ဒါ ပညာရေးမဟုတ်တော့ဘဲ အစိုးရအာဘော်တွေသင်တဲ့ Propaganda (ဝါဒဖြန့်မှု) သာ ဖြစ်ပါလိမ့်မယ်။
"ပညာရေးကို တန်ဖိုးထားတဲ့သူနဲ့ မထားတဲ့သူ•••
ပညာရေးကို တန်ဖိုးထားတဲ့အိမ်နဲ့ မထားတဲ့အိမ်•••
ပညာရေးကို တန်ဖိုးထားတဲ့အဖွဲ့နဲ့ မထားတဲ့အဖွဲ့•••
ပညာရေးကို တန်ဖိုးထားတဲ့ အစိုးရနဲ့ မထားတဲ့အစိုးရ•••
ပညာရေးကို တန်ဖိုးထားတဲ့နိုင်ငံနဲ့ မထားတဲ့နိုင်ငံ •••
ရလဒ်က ဒီကနေ့ဟာ အဖြေပါပဲ။
ပညာရေးကို တန်ဖိုးထားတဲ့အိမ်နဲ့ မထားတဲ့အိမ်•••
ပညာရေးကို တန်ဖိုးထားတဲ့အဖွဲ့နဲ့ မထားတဲ့အဖွဲ့•••
ပညာရေးကို တန်ဖိုးထားတဲ့ အစိုးရနဲ့ မထားတဲ့အစိုးရ•••
ပညာရေးကို တန်ဖိုးထားတဲ့နိုင်ငံနဲ့ မထားတဲ့နိုင်ငံ •••
ရလဒ်က ဒီကနေ့ဟာ အဖြေပါပဲ။
ဒါကြောင့် ပညာရေးအတွက် များစွာ အထောက်အကူဖြစ်တဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေကိုလည်း အားပေးပါ၊ ပုဂ္ဂလိကတက္ကသိုလ်တွေကို ကူညီပါ မနှောက်ယှက်ပါနဲ့။ တက္ကသိုလ်ရဲ့အထက်မှာ ဘာမှမရှိရဘူး။
U AUNG -LGTI

0 Comments:
Post a Comment