"သင့်အိမ်တံခါး လာခေါက်မယ့် ဧည့်သည် ၃ ဦး"
မိတ်ဆွေတို့ရဲ့အိမ်တံခါးတွေကို နေ့စဉ်နဲ့အမျှ မခေါ်လည်းလာပြီးတော့ခေါက်နေတဲ့ ဧည့်သည် ၃ ဦးရှိပါတယ်။ ဒီဧည့်သည်တွေကို မျှတစွာပေါင်းသင်းတတ်ဖို့လိုပါတယ်။ သူတို့နဲ့မတည့်ရင်တော့ ကြီးကြီးမားမားဒုက္ခပေးပါလိမ့်မယ်။ ဒီထဲကတစ်ဦးဦးနဲ့သာ တည့်ပြီးတော့ ကျန်ဧည့်သည်တွေနဲ့မတည့်ဘူးဆိုရင်လည်း အဆင်မပြေဖြစ်တတ်ပါတယ်။ ဒီဧည့်သည်တွေဟာ တခြားမဟုတ်ပါဘူး စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ နိုင်ငံရေးအမြင် စတာတွေဘဲဖြစ်ပါတယ်။
▪️စီးပွားရေးအမြင်
အချို့က စီးပွားရေးမှာတစ်ဖက်ကမ်းခပ်အမြင်ရှိတယ်။ သတိချပ်ရမှာက ကျန်တဲ့အမြင် ၂ ခုကိုတွဲပြီးသိမှ ပြည့်စုံပါလိမ့်မယ်။ ဒီနေရာမှာ အချို့ကလည်းဆင်ခြေပေးနိုင်ပါတယ် ကိုယ်ကျွမ်းကျင်တာပဲကိုယ်လုပ်တာဆိုတာမျိုး၊ ဒီအမြင်ဟာမမှားပေမယ့် မပြည့်စုံပါဘူး။ ဆိုလိုတာက စီးပွားရေးအမြင်ကလွဲပြီး ကျန်တဲ့လူမှုရေးအမြင်တွေ ဘာမှမရှိရင် အတ္တဆန်တဲ့ဝိသမလောဘရဲ့ သားကောင်ဘဲဖြစ်ပါလိမ့်မယ်။ စီးပွားရေးအမြင်ကလွဲပြီး နိုင်ငံရေးအမြင်မရှိရင်လဲ ရေရှည်အောင်မြင်နိုင်မယ့် စီးပွားရေးမျိုးမဖြစ်နိုင်ပါဘူး။ စီးပွားရေးမှာ Internal Factors နဲ့ External Factors ၂ မျိုးရှိပါတယ်။ ဒီလို External Factors ထဲမှာပါတဲ့ Social နဲ့ Political ဒါကို မသိ၊မဆိုင်သလို နေနေသရွေ့ သင့်စီးပွားရေးဟာထိုင်နေရင်းရှုံးသွားပါလိမ့်မယ်။
တကယ်တော့ ကမ္ဘာမှာအောင်မြင်နေတဲ့စီးပွားရေးသမားတိုင်းဟာ ဒီအမြင် ၃ခုလုံးမျှတစွာ ပိုင်ဆိုင်ထားကြတယ်ဆိုတာ မမေ့ပါနဲ့။
▪️လူမှုရေးအမြင်
လူမှုရေးအမြင်ဆိုတာ တကယ်တော့ကိုယ်ချင်းစာတရားပါ။ လောကမှာလူတိုင်းဟာ မိမိကိုယ်မိမိသာ အချစ်ကြဆုံးပါ။ သနားစရာ အကောင်းဆုံးလူကိုပြပါဆိုရင်လဲ မိမိကိုယ်တိုင်ဟာသနားစရာအကောင်းဆုံးပါ။ ဘယ်သူသေသေ ငတေတို့မာရင်ပြီးတာပဲဆိုတဲ့ ကိုယ်ချင်းစာတရားမဲ့ရင်လဲ ပြဿနာရှိသလို တစ်ခါတလေ ကျတော်တို့ဟာ ကိုယ်ချင်းစာတရားကိုခေါင်းစဉ်တပ် ကိုယ့်အခြေအနေ၊ ကိုယ့်ဘဝအပေါ်လစ်လျူရှုပြီး လူမှုရေးဆိုတဲ့ ခေါင်းစဉ်ဘက်ကို တစ်ဖက်စွန်း ရောက်သွားတတ်တာမျိုးကိုလဲအထူးဂရုပြုရပါမယ်။
သေရင် ကိုယ့်နောက်ဘာမှမပါဘူးဆိုတာမမှားပါဘူး ၊ မသေခင်လဲ ရှိသင့်ရှိထိုက် လုပ်သင့်လုပ်ထိုက်တဲ့ အခြေခံ လူ့တာဝန်ကျေပွန်ဖို့လိုအပ်ပါမယ်။ လူမှုရေးခေါင်းစဉ်ကိုအစွန်းထွက်ပြီး ဥပမာလူမှုရေးကလွဲလို့ ကျန်တဲ့စီးပွားရေးအမြင်မရှိရင် စားဝတ်နေရေးဘယ်လိုဖြေရှင်းကြမလဲ။ တကယ်က သင် စီးပွားရေးအောင်မြင်နေသရွေ့ ဒီအောင်မြင်မှုကနေ လူတွေများစွာကိုကောင်းကျိုးများစွာပြုသွားလို့လည်းရပါတယ်။ အရေးကြီးတာက သင်ဟာ သာမာန်ပုထုဇဉ်လူတစ်ယောက်ဖြစ်လို့ အတ္တပရမျှတဖို့ဆိုတာ မမေ့ပါနဲ့။
လူမှုဆက်ဆံရေးဘယ်လောက်ကောင်းကောင်း၊ ကိုယ်ချင်းစာတရားတွေဘယ်လောက်ရှိရှိ ခေတ်၊ စနစ်နဲ့ ပါတ်ဝန်းကျင်အပြောင်းအလဲ နိုင်ငံရေးအခြေအနေစတာတွေကို မျက်ခြေပြတ်နေပြန်ရင် သေချာတယ် အဲဒီအခြေအနေက တနည်းအားဖြင့် အဲဒီနိုင်ငံရေးက သင့်ရဲ့ လူမှုရေးတွေ၊ သင့်ရဲ့ကိုယ်ချင်းစာတရားတွေကို တံခါးလာခေါက်ပါလိမ့်မယ်။
▪️နိုင်ငံရေးအမြင်
နိုင်ငံရေးလို့ပြောရင် လူတော်တော်များများ ကြောက့်လန့်တကြား ခေါင်းထောင်ကြည့်ကြတဲ့ စကားလုံးလိုဖြစ်ခဲ့တာ အဲဒီနိုင်ငံရဲ့ ခေတ်၊စနစ်၊အုပ်ချုပ်မှု စတာတွေနဲ့သက်ဆိုင်ပါတယ်။ များသောအားဖြင့် "ကိုယ့်ရှိမှ ကိုယ်စားရတာ နိုင်ငံရေးငါတို့နဲ့မဆိုင်" လို့ပြောတဲ့ စီးပွားရေးသမား၊ လူမှုရေးသမားတွေ ရှိကြသလို "ငါတို့က နိုင်ငံရေးလုပ်တာ၊ လူမှုရေး၊စီးပွားရေး ငါတို့နဲ့မဆိုင်" လို့ ပြောကြတဲ့ နိုင်ငံရေးသမားတွေလဲ အများကြီးရှိ နေတာဟာ တကယ့်ပြဿနာအကြီးကြီးပါ။
ကမ္ဘာကြီးဟာရွာကြီးတရွာလိုဖြစ်နေတဲ့ ဒီနေ့လိုအချိန်မှာဆိုရင် ကိုယ့်စီးပွားရေးကိုပဲ ခေါင်းကြီးစိုက်ကုန်းရုန်းရှာနေပြီး ပါတ်ဝန်းကျင် ခေါင်းထောင်မကြည့်တဲ့သူတွေကတော့ တဖြုတ်ဖြုတ်နဲ့ ပြုတ်ဖို့သာရှိပါလိမ့်မယ်။
လူမှုရေးသမားတစ်ယောက် နိုင်ငံရေးရပ်တည်ချက် ယုံကြည်ချက်မမှန်တာနဲ့ လူ့အသိုင်းအဝိုင်းအတွက်များစွာနစ်နာမှုကြုံရနိုင်သလို၊ စီးပွားရေးသမားတစ်ယောက်နိုင်ငံရေးမသိထားရင် ရှာထားသမျှဘာမှန်း မသိလိုက်ဘဲ ကုန်သွားတတ်တာမျိုးပါ။
▪️ဒီနေရာမှာ အထူးသဖြင့်ပြောချင်တာက နိုင်ငံရေးဆိုတာဘာလဲ။ တကယ်တော့နိုင်ငံရေးဆိုတာ လူသားအားလုံးရဲ့ စားဝတ်နေရေးခေါင်းစဉ်နဲ့အတူ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူသားတို့ရဲ့ အခွင့်အရေး၊ တန်းတူညီမျှရေး၊ တရားမျှတမှု စသဖြင့် နိစ္စဓူဝ အရေးအရာမှန်သမျှ တနည်းအားဖြင့် လူမှုရေးအကြီးစားကြီးကိုလုပ်ကိုင်တာ နိုင်ငံရေးပါ။ ဒါကို ငါတို့ကနိုင်ငံရေးလုပ်တာ လူမှုရေး၊ စီးပွားရေး မဆိုင်ဘူးလို့တွေးနေသူတွေဟာ ဖိနပ်မပါ၊ ထီးမပါဘဲ နေပူ မိုးရွာထဲ လမ်းလျှောက်နေတဲ့သူတွေဆိုတာ သတိချပ်ပါ။
ဒီကနေ့ ကမ္ဘာကြီးကို ဦးဆောင်နေကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကိုလေ့လာကြည့်ပါ ၊ လူမှုရေးလို့ခေါ် တဲ့ ကိုယ်ချင်းစားတရားနဲ့စီးပွားရေးအမြင်ရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့တိုင်းပြည်နဲ့ ကိုယ်ချင်းစာတရားကင်းမဲ့ပြီး လူမှုရေးနားမလည်၊ စီးပွားရေးအမြင်မရှိတဲ့သူတွေ အုပ်ချုပ်တဲ့နိုင်ငံတွေကို နိုင်းယှဉ်လေ့လာကြည့်ရင်တွေ့နိုင်ပါလိမ့်မယ်။
အချုပ်ဆိုရရင် ကိုယ်ကျွမ်းကျင်တာကိုယ်အထူးပြုလုပ်ကိုင်ရမှာ မှန်ပါတယ်၊ ကိုယ်ကျွမ်းကျင်တဲ့နယ်ပယ် ကိုအထူးပြုလုပ်ကိုင်ရင်း ကျန်တဲ့အထက်မှာပြောခဲ့တဲ့ အမြင်(၃)ခု တနည်းအားဖြင့် ဒီဧည့်သည်သုံးယောက်ကို ယှဉ်တွဲနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒီဧည့်သည်သုံးယောက်ဟာ သင်မခေါ်လည်း သင့်ရဲ့အောင်မြင်မှုတံခါးကို အချိန်မရွေး လာခေါက်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။
U AUNG -LGTI

0 Comments:
Post a Comment