ဒေါ်လာနဲ့ရွှေ ဝယ်ရမလား/ရောင်းရမလား
ဒေါ်လာနဲ့ရွှေဝယ်ရမလား ရောင်းရမလားဆိုတာကတော့ ကျနော်ဆုံးဖြတ်မှာမဟုတ်ပါဘူး။ မိတ်ဆွေတို့ ကိုယ်တိုင်ပဲဆုံးဖြတ်ရမှာပါ။ ဒီလိုဆုံးဖြတ်တဲ့နေရာမှာ အထောက်အကူပြုစေနိုင်တဲ့ အချက်လက်တချို့ကိုသာ စဉ်းစားဖို့ပြောမှာ ဖြစ်ပါတယ်။ ထပ်ပြောပါ့မယ် ဒေါ်လာနဲ့ရွှေအကြောင်းတွေ ပြောနေလို့ ဒေါ်လာနဲ့ရွှေအရောင်းအဝယ် လုံးဝမလုပ်ပါဘူး၊ ဈေးကွက်ကိုသာ မျက်ခြည်မပြတ်လေ့လာနေလို့ ရတဲ့ Information တွေ Share ပေးတာပါ။ ပြောစရာတော့နည်းနည်းများလိမ့်မယ်။ အတတ်နိုင်ဆုံးကျွန်တော်ချုပ်ပြီးရှင်းပြပေးသွားပါမယ်။
▪️ပထမဆုံးအနေနဲ့ ရွှေဒေါ်လာရဲ့မြန်မာနိုင်ငံစျေးကွက်အကြောင်းမပြောခင် အဓိကမှီတည်နေတဲ့ ကမ္ဘာ့ရွှေတွေနဲ့ ဒေါ်လာအခြေအနေကိုပြောချင်ပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ
2018 ခုနှစ်မှာ 1244 ဒေါ်လာ
2019 ခုနှစ်မှာ 1519 ဒေါ်လာ
2020 ခုနှစ်မှာ 1893 ဒေါ်လာ
2021 ခုနှစ်မှာ 1821 ဒေါ်လာ
2022 ခုနှစ်မှာ 1823 ဒေါ်လာ
2023 ခုနှစ်မှာ 2066 ဒေါ်လာ
2024 ခုနှစ်မှာ 2660 ဒေါ်လာကျော်အထိ အတက်အလွန်ကြမ်းခဲ့တာတွေ့ရပါတယ်။
ဒါဘာကြောင့်ဖြစ်လဲ?
ကမ္ဘာ့မှာ ယူကရိန်း ရုရှား စစ်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာ အစ္စရေး ပါလက်စတိုင်း၊ အခု အီရန်နဲ့ အစ္စရေးပါ ထပ်ဖြစ်လာပါတယ်။ ဒီကြားထဲမှာ တရုတ်နဲ့ထိုင်ဝမ် အရေးကလည်း ပြဿနာအကြီးကြီးရှိပါတယ်။ ဒီထဲမှာ နိုင်ငံကြီးတစ်ခု (အမည်မပြောသေးဘူး)က ဖြစ်လာနိုင်တဲ့ ကမ္ဘာ့စစ်ပွဲတွေအပေါ်မှာ ပိတ်ဆို့မှုတွေ ကြုံလာရင်တော့ ကြိုတင်ပြင်ဆင်ဖို့အနေနဲ့ ရွှေကိုအလုံးရင်းနဲ့ စုဆောင်းနေတဲ့အခြေအနေမျိုး ပြောဆိုကြတာရှိပါတယ်။ ဒီတော့ပြောချင်တာကတော့ ကမ္ဘာ့ရွှေဟာ ကျမယ့်အရိပ်အယောင်သိပ်မတွေ့ရဘဲ ကျခဲ့ရင်တောင် ခဏကျ ခဏပြန်တက်နဲ့ လိမ်ဖယ်ဖယ်အတက်ကိန်းကို သွားမယ့်သဘောပါ ၊ ဒါကကမ္ဘာ့ရွှေကိစ္စပါ။
▪️နောက်တစ်ခုကတော့ ဒေါ်လာတန်ဖိုးကျဆင်းတဲ့ကိစ္စ
တစ်ကမ္ဘာလုံးကတော့ အမေရိကန်ဒေါ်လာကိုအားကိုး အသုံးပြုနေရတယ်ဆိုတာ ငြင်းမရတဲ့အချက်ပါ။ ဒါကို လျှော့ချနိုင်ဖို့ နိုင်ငံကြီးတချို့ဖြစ်တဲ့ ဘရာဇီး၊ ရုရှား၊ အီရန်၊ တရုတ်၊ တောင်အာဖရိက စတဲ့နိုင်ငံကြီးတွေကလည်း တစ်ကမ္ဘာလုံး အသုံးမပြုနိုင်ရင်တောင် သူတို့နိုင်ငံအချင်းချင်း ဖလှယ်နိုင်မယ့် BRICS Currency မျိုးတွေလည်းထူထောင်ပြီး လုပ်နေကြတာတွေ့ပါတယ်။ ဒါဆို ဒေါ်လာရဲ့ပိုင်ရှင်ကြီး အမေရိကန်က သူ့ငွေကြေးထိုးဆင်းနေတာကို ဒီတိုင်းကြည့်မှာမျိုးတော့လည်း မဟုတ်ပြန်ပါဘူး။ ဒါပေမဲ့ အမေရိကန် ဟာနိုဝင်ဘာ ၅ ရက် သူတို့ရွေးကောက်ပွဲပြီးမှ ဒီ အဖြေကောင်းကောင်းဖြေရှင်းနိုင်မယ်ယူဆပါတယ်။
နောင်မှာ သေချာတာက အမေရိကန်ဒေါ်လာကို အံတုဖို့ နိုင်ငံကြီးတချို့က BRICS လို Currency တွေလုပ်လာနိုင်ပါတယ်။ ဒါကြောင့်ဆိုလိုတာကတော့ အခုလူပြောများနေတဲ့ ဘာလေးပါ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ဒီလေးလအတွင်းမှာတော့ ကမ္ဘာ့ရွှေက ဒေါ်လာကိုဦးဆောင်နေမယ်လို့ယူဆကြပါတယ်။
▪️ကဲ အားလုံးစိတ်ဝင်စားတဲ့ မြန်မာနိုင်ငံရဲ့ရွှေနဲ့ဒေါ်လာ ဈေးကွက်တချက်ကြည့်ရအောင်ပါ။
၂၀၂၀ ခုနှစ်မှာ ၁၃၆၀
၂၀၂၁ ခုနှစ်မှာ ၂၇၀၀
၂၀၂၂ ခုနှစ်မှာ ၂၉၀၀
၂၀၂၃ ခုနှစ်မှာ ၃၃၀၀
အခု၂၀၂၄ ခုနှစ်မှာတော့ ကျပ် ၇၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
ဘာကြောင့်ဒီလောက်မြင့်တက်ခဲ့ရတာလဲ။အဖြေကရှင်းပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း စီးပွားရေးကျဆင်းမှုအကျိုးဆက်တွေပါ။ ပြည်တွင်းမှာ ဒေါ်လာပြတ်လပ်မှုတွေဖြစ်ပြီး အထူးသဖြင့် ဒေါ်လာနဲ့ဝယ်ယူနေရတဲ့ မရှိမဖြစ် စာအုံးဆီနဲ့ လောင်စာဆီ၊ ဆေးဝါး စတာတွေမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တာတွေ တွေ့ကြပါလိမ့်မယ်။
ဒီနေရာမှာ ကြုံလို့မျှဝေရရင် မြန်မာနိုင်ငံဟာ နှစ်စဉ် စားအုန်းဆီကို တန်ချိန် ရှစ်သိန်းနဲ့ကိုးသိန်းကြားမှာ ပြည်ပကသွင်းယူရတာဖြစ်ပြီး ဒေါ်လာလိုအပ်ချက်ဟာ ၁ ဒသမ၂ ဘီလီယံ ရှိသလို လောင်စာဆီတင်သွင်းမှုက နှစ်စဉ်၂.၆၆ ဘီလီယံထိ သုံးစွဲရတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ ထိပ်တန်းသွင်းကုန်ဆယ်မျိုး ရှိတဲ့အထဲမှာ ဒီနှစ်မျိုးကပဲ ဒေါ်လာ ၄ ဘီလီယံနီးပါးရှိပါတယ်။
အခုပြောတဲ့ ဒီသွင်းကုန်နှစ်မျိုးရဲ့ ဒေါ်လာလိုအပ်ချက်ဟာ လက်ရှိကာကွယ်ရေးမှာသုံးနေတဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူမှု ဒေါ်လာလိုအပ်ချက်ထက် အစပေါင်းများစွာလျော့နည်းတယ်ဆိုတာတွေ့ရပါသေးတယ်။
ဆိုတော့ကာ ဒေါ်လာဝင်လမ်းကြောင်းမရှိဘဲ အခုလို ထွက်ပေါက်တွေများနေတဲ့ အခြေ အနေမှာ ဒေါ်လာဈေးအစမတန်မြင့်တက်တာလည်း မထူးဆန်းပါဘူး။
▪️ဟုတ်ပြီ ဒီနေရာမှာအားလုံးစိတ်ဝင်စားတဲ့ဒီလို ဒေါ်လာဈေး အစမတန်မြင့်တက်မှုအခြေအနေကနေပြီးတော့ ဒေါ်လာဈေးဟာ ၄၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားတဲ့အခြေတွေက ဘာကြောင့်ပါလဲ?
ပြီးခဲ့တဲ့ ဩဂုတ်လ၁၄ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ ခရီးစဉ် နောက်ပိုင်းမှာ ထူးထူးခြားခြား ဗဟိုဘဏ်ဟာ ဒေါ်လာသန်းရာချီ ထုတ်ရောင်းတာကိုတွေ့ကြတော့ တရုတ်နိုင်ငံက ငွေတွေအများကြီး ပေးခဲ့ပုံပေါက်တယ် စသဖြင့် သတင်းတွေ ထွက်ခဲ့တာတွေ့ပါလိမ့်မယ်။ လေ့လာမိသလောက်တော့ တရုတ်နိုင်ငံကနေ ဒေါ်လာ ၃ ဘီလီယံ ချေးယူတယ်ဆိုတာတော့ သေချာသလောက်ရှိပေမယ့် ဒါဟာ ဘာအတွက်သုံးစွဲဖို့ဆိုတာ ဘယ်ပြည်သူမှမသိပါဘူး။
နောက်တစ်ခု ဝယ်သူဘယ်သူတွေမှန်းမသိပေမယ် စက်တင်ဘာလနောက်ဆုံးပတ်မှာဆိုရင် တစ်ပတ်အတွင်း ဒေါ်လာသန်း ၁၀၀ နီးပါးကို ဗဟိုဘဏ်က ၄ ကြိမ် ခွဲပြီးထုတ်ရောင်းသွားတာတွေ့ပါတယ်။
ဒီအချိန်မှာပဲ ဒေါ်လာဈေးဟာ ဆက်တိုက်ကျဆင်းလာတာတွေ့ရပါတယ်။ ထူးခြားတာက ဘာဘာညာညာတွေနဲ့ နီးစပ်တဲ့အုပ်စုတွေက ဒေါ်လာဈေး ၆၀၀၀ ကနေ ၄၇၀၀အထိဖြစ်မယ်လို့ ကြိုဟောကိန်းထုတ်ပြီး သူတို့ကပဲ ရွှေတွေထုတ်ရောင်းသွားတာဟာ Information ကြိုသိနေသလားအောက်မေ့ရတယ်။ အခု သူတို့ကပြန်ပြောပြန်ပါတယ် ပြန်ဆွဲတင်ဦးမယ်တဲ့။ ရွှေနဲ့ ဒေါ်လာဈေးကို တင်လိုက် ချလိုက်လုပ်နိုင်တဲ့အုပ်စုဆိုတာ လက်ချိုးရေစရာတောင် မလိုပါဘူး။
ဒေါ်လာဈေးကျတဲ့ နောက်ထပ် အကြောင်းရင်းတွေကို အရင်ဆောင်းပါးတွေမှာ အချက် ၇ ခုနဲ့ ပြောခဲ့ပြီးဖြစ်ပါတယ်။
▪️ဒီနေရာမှာ ထပ်ပြီးစိတ်ဝင်စားစရာကောင်းတာက အခုဒီဒေါ်လာဈေးအကျဟာတကယ်ပဲ ပုံမှန်ကျဆင်းမှုမျိုးလားဆိုတာ မေးခွန်းထုတ်စရာတွေ အများကြီးရှိပါတယ်။ ပုံမှန်အတိုင်းဆို ဒေါ်လာ ဈေးကျရင် ဒေါ်လာနဲ့ဝယ်ယူတင်သွင်းထားတဲ့ သွင်းကုန်ပစ္စည်းတွေတန်ဖိုးဟာ ကျဆင်းရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် စားအုန်းဆီ၊ လောင်စာဆီ ၊ဆေး နဲ့ အခြားကုန်ပစ္စည်းတွေဟာ မကျတဲ့အပြင် အတက်ဘက်ကိုသွားနေတာဟာ မေးခွန်းထုတ်စရာပါ။
ဒေါ်လာ ၄၀ ရာခိုင်နှုန်းကျပြီး ကားဈေးတွေ ဘာလို့ ၄၀ ရာခိုင်နှုန်းမကျလဲ။ ကြုံလို့အတင်းတုတ်ရရင် ဒေါ်လာက ၄၀ ရာခိုင်နှုန်းလောက်ကျဆင်းတဲ့အချိန်မှာ EV ကားတန်ဖိုး ဘာကြောင့် မကျဆင်းတာလဲ။ ဒီ EV ကားတွေ ဘယ်သူတွေ အဓိကတင်သွင်းနေတာလည်း၊ ကြားသိရသလောက်တော့ သွင်းကုန်ပိတ်ဆို့မှုတွေထဲမှာ သူကြီးကိုပိုင်တဲ့ ဆယ်အိမ်ခေါင်းတွေပိုင်တဲ့သူတွေကတော့ သွင်းလို့ရနေသေးတယ်ကြားပါတယ်။ တရုတ်ချေးငွေ ၃ ဘီလီယံကရော အဲဒီလူတွေအတွက်ပဲလား စသဖြင့်သံသယတွေတော့ဖြစ်မိတယ်။ တကယ်တော့လည်းဒီ ၃ ဘီလီယံ ဟာ တစ်နှစ်စာလောင်စာဆီ လိုအပ်ချက်လောက်ပဲရှိပါတယ်။
▪️နောက်ထပ် သတိချပ်ရမှာက ဒေါ်လာနဲ့ရွှေ ဈေးကွက်မှာ စားဖားသမားကြီးတွေက ကြောက်ရောင်း ကြောက်ဝယ်သမားတွေကို ခြောက်ရောင်းခြောက်ဝယ် လုပ်တဲ့နေရာမှာအင်မတန်ကိုကျွမ်းကျင်လှပါတယ်။ ဒီကစားကွက်တွေကြားမှာ ရှိစုမဲ့စုလေးတွေနဲ့ မှန်မှန်ကန်ကန် ဒေါ်လာ ရွှေကို ရင်းနှီးမြှုပ်နှံမှုလုပ်ကြတဲ့ သူတွေကတော့ မျက်စိသူငယ် နားသူငယ်နဲ့ပေါ့။
တချို့ကမေးတယ် ဒေါ်လာရွှေ ပြန်တက်နိုင်လားဆိုတော့ ရိုးရိုးရှင်းရှင်းနဲ့ဖြေရရင် စီးပွားရေးမှာ အမြဲတမ်းတက်နေမှာမဟုတ်သလို အမြဲတမ်းလည်းမကျပါဘူး။ လက်ရှိကုန်စျေးနှုန်းတွေကို ကျဆင်းအောင် မလုပ်နိုင်သေးရင် ရွှေဒေါ်လာကလည်း ထင်သလောက်ကျဖို့ လမ်းမမြင်ပါဘူး။ အခြေခံမရှိမဖြစ် စားသောက်ကုန်ကိုတော့ပိတ်ပြီး၊ ချက်ပြုတ်စားသောက်လို့မရတဲ့ မော်တော်ကားလိုအရာကို သွင်းခွင့်ပြုထားတဲ့ စီမံမှုမျိုးက ဘယ်လောက်ရိုးသားလဲမေးခွန်းထုတ်ရပါမယ်။
▪️နောက် သွင်းကုန် ပို့ကုန် ပြဿနာတွေအများကြီးရှိပါသေးတယ်။ ပို့ကုန်မှာဆိုရင် ကုန်သည်တွေက ဒေါ်လာအကျပေါက်စျေးနဲ့သာ ထုတ်ကုန်တွေကိုဈေးဖြတ်မှာဖြစ်ပြီးတော့ သွင်းအားစုတွေက စျေးမကျဘူးဆိုရင် တောင်သူတွေအပါအဝင် ပြည်တွင်းထုတ်ကုန်လုပ်ငန်းရှင်တွေအတွက် ကွက်ကွက်လန်အောင် ရှုံးမယ့်သဘောရှိပါတယ်။
ပိုဆိုးတာက ကမ္ဘာမှာ မကြားဖူးလောက်တဲ့စနစ် ပြင်ပပေါက်စျေး ၇ ထောင်မှာ ပို့ကုန်တန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်က ၂၁၀၀ နဲ့လဲရမယ်ဆိုတော့ ဒီအကျိုးဆက်ကလည်း နောက်ဆုံးတော့ တောင်သူတွေဈေးနှိမ်ခံရတဲ့ ဘူတာဆီသာဆိုက်သွားတာပါပဲ။
ကျနော်ပြောတာလည်းများပြီ။ ဒါပေမယ့် မပြောမဖြစ်တဲ့ နောက်ထပ်အရေးတကြီးထည့်သွင်းစဉ်းစားရမယ့်နိုင်ငံရေးအခြေအနေပြောပြီး အဆုံးသတ်ချင်ပါတယ်။
ဘာလေးပါရဲ့နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာမှာ နိုင်ငံရေး ထူးခြားတဲ့အပြောင်းအလဲတွေဖြစ်လာနိုင်မယ်ဆိုတာ ပြောခဲ့ဖူးပါတယ်။။ အဲဒီရလဒ်က အပေါင်းလက္ခဏာဆောင်ခဲ့မယ်ဆိုရင်တော့ မြန်မာ့ရွှေနဲ့ဒေါ်လာ ဈေးကွက်ဟာ ဂယက်မထဘဲ တည်တည်ငြိမ်ငြိမ်ရှိနိုင်ပေမယ့် အနုတ်လက္ခဏာဘက်ကိုဦးတည်သွားမယ်ဆိုရင်တော့ မုန်တိုင်းတွေပြန်ထန်ပေဦးမယ်ဗျို့။
မိတ်ဆွေတို့ ဒီဆောင်းပါးကနေအတွေးတစ်ခုခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်။
(ကျေးဇူးတင်ပါတယ်ခင်ဗျာ)
U AUNG -LGTI

0 Comments:
Post a Comment