"အတွေး ညီမျှခြင်း ရလဒ်"
ဘဝတစ်ခုရဲ့ ဆုံးဖြတ်ဟာ အတွေး ညီမျှခြင်းလို့တောင်ပြောလို့ရပါတယ်။ အခုဒီစာ ဖတ်နေကြတဲ့မိတ်ဆွေ လက်ရှိဘာတွေတွေးနေလဲ။ စိတ်ချမ်းသာစရာကိုတွေ့မိတဲ့အချိန်မှာစိတ်ပျော်ရွှင်မယ်။ စိတ်ညစ်စရာတွေကိုစဉ်းစားမိတာနဲ့ တစ်ပြိုင်နက် စိတ်မပျော်ရွှင်တော့ဘူး။ ဒီလိုပဲ တချိန်ထဲမှာ အလိုမကျစရာအကြောင်းတစ်ခု ဝင်လာတာနဲ့ချက်ချင်းစိတ်က မသက်မသာဖြစ်တော့တာပါပဲ။
ဒီတော့ ကျွန်တော်တို့က ဘာတွေကိုလိုချင်တာလဲ။ လိုချင်တာက ပျော်ရွှင်မှု၊ ရှာနေတာက အပူတွေ၊ သောကတွေ ထပ်ထပ်တိုးရှာတာမျိုးဖြစ်နေတတ်ပါတယ်။ ဒီစာဖတ်ရင်းကိုပဲ တချို့က ဝင်ပြီး အလိုမကျတာမျိုး ယူကြပါလိမ့်ဦးမယ်။
"ဒါဆို ကျနော်တို့/ကျမတို့က သူတစ်ပါးစိတ်ညစ်ဒုက္ခရောက်နေချိန်မှာ အပျော်ရှာနေရမှာလား" ဆိုပြီး စိတ်သောက ဒေါသတွေကို ဝင်ယူတတ်ပါလိမ့်ဦးမယ်။ အဲဒီအချက် အရေးကြီးပါတယ်။
တကယ်တော့ ဆိုလိုရင်းက ဘာကိုပြောတာလဲ အရင်စဥ်းစားဖို့မမေ့ပါနဲ့။ သူတစ်ပါးစိတ်ညစ်ဒုက္ခရောက်နေချိန်မှာ အပျော်ရှာရမှာမဟုတ်ပါဘူး၊ ကိုယ်ချင်းစာတရားကိုရှာရမယ်။ ဒါက လူတိုင်းမေးရင် ဖြေမယ့်အဖြေပါ။ အဲဒီ ကိုယ်ချင်းစာတရားနဲ့ ကူညီနိုင်သမျှဖေးမရင်း အဲဒီဒုက္ခမျိုးတွေ နောက်ထပ်ဘယ်သူမှ မကြုံမခံစားရဖို့ သင်ခန်းစာတွေရှာရမယ်။ ဒုက္ခတွေကို ထိုင်ကြည့်ပြီး စိတ်ညစ် ညည်းညူနေတာထက် အဲဒီဖြစ်စဉ်ထဲက အားလုံးအတွက် အဖြေကောင်းတစ်ခုပေါ်အောင်တွေးခေါ်လုပ်ကိုင်ခြင်းက ရလဒ်ကောင်းပါပဲ။ အဲဒီလို ရလဒ်ကောင်းထွက်အောင်ရှာနိုင်ခြင်းကို ကျေနပ်တဲ့ စိတ်မျိုးနဲ့ပြောင်းလဲနေထိုင်တတ်ရပါမယ်။
မိမိတို့ဟာ ပုထုစဉ်ပီပီ ဒုက္ခကတော့ တစ်ခုပြီး တစ်ခုလာနေမှာပဲ ၊ ဒီ ဒုက္ခတွေကို ပျားရည်လိုချိုအောင် ပြောင်းလဲနိုင်ဖို့ဆိုတာ အဲဒီဒုက္ခကို ကြောက်ကြောက်နဲ့ ထိုင်စိတ်ညစ်
နေလို့မပြီးဘဲ၊ သတ္တိရှိရှိနဲ့ ရင်ဆိုင်ရင်း အားလုံးအတွက် ရလဒ်ကောင်းထွက်အောင် အဖြေရှာနိုင်ခြင်းပဲ။
ဒါပေမယ့် အများစုဖြစ်တတ်တာက ဖြစ်စဉ်တစ်ခုကို ရှူထောင့်အမျိုးမျိုးက အဖြေရှာကြတဲ့အခါ အားနည်းချက် အားသာချက် ၂ ခုလုံးရှာဖွေဖို့ထက် အားနည်းချက်ကိုသာ Negative ဘက်ကစဉ်းစားတတ်ကြတယ်။ တချို့ဆိုရင် အပြုသဘောထက် အပျက်သဘောဆောင်တဲ့ဘက်ကို ပိုပြီးတော့တွေးတတ်ကြပါတယ်။ ဒါကဘာကိုဦးတည်စေလဲဆိုတော့ မိမိရဲ့အတွေးဟာ အနုတ်သဘောကိုဦးတည်တဲ့အခါ ထွက်လာတဲ့ရလဒ်ဟာလည်း ကောင်းလာစရာအကြောင်းမရှိပါဘူး။
ဖြစ်စဉ်တစ်ခုတွေ့ကြုံတိုင်းမှာ အနုတ်သဘောကိုမစဉ်းစားခင် ဒီဖြစ်စဉ်ရဲ့အကြောင်းရင်း၊ အားနည်းချက် အားသာချက်တွေ စတာတွေကိုလေ့လာပြီး Positive အဖြေတစ်ခုရဖို့ စဉ်းစားကြည့်ပါ။
ဥပမာတစ်ခု အခုလက်ရှိ ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေ နှစ်ပေါင်းများစွာကြုံတွေ့ရတဲ့ဒုက္ခတွေကို လေ့လာကြည့်ရအောင်ပါ။ ခေတ်အဆက်ဆက်မှာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှရှိမှု စတာတွေကို မရရှိခဲ့ကြတဲ့အပြင် ကပ်ဘေးအမျိုးမျိုးကိုလည်း ကြုံတွေ့တဲ့အခါမှာ အလူးအလဲခံစားခဲ့ကြရတာ သိပြီးဖြစ်ပါတယ်။
တကယ်တော့ ကျနော်တို့အားလုံး လိုချင်တာဘာလဲ။ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှရှိမှု၊ ကပ်ဘေးတွေမှာဆို ကြိုတင်ပြင်ဆင်မှု ကူညီကယ်ဆယ်မှု စတာတွေမို့လား။ ဒါပေမယ့် ဒီအခြေအနေတွေကြုံတိုင်း တချို့က "ဒီနိုင်ငံမှာ မမွေးဖွားသင့်ဘူး၊ ဒီနိုင်ငံမှာ မနေသင့်ဘူး၊ သူတို့ထိုက်နဲ့သူတို့ခံကြပါစေ" စသဖြင့် ဖြေရှင်းချက် Solution မပါတဲ့ အမြင်မျိုးတွေက ချည်းကပ်ပြောကြတာ တွေ့ကြရမှာပါ။ ဒါဟာ ရလဒ် မကောင်းတဲ့ Negative အတွေးမျိုးလို့ ဆိုနိုင်ပါတယ်။ ကုန်ကုန်ပြောရရင် တချို့ကဆို "ငါတို့ကံကိုက ဆိုးလိုက်တာ၊ ဝဋ်ကြွေးတွေပေါ့၊ ဒါမျိုး နောက်မကြုံရပါစေနဲ့ ဖြစ်နိုင်ရင် ဒီနိုင်ငံမှာ လူမဖြစ်ပါစေနဲ့" စသဖြင့် ကံပုံချ၊ ထိုင်ဆုတောင်းနေပြီး လက်တွေ့ဖြေရှင်းချက်ကို မစဉ်းစားကြသူလည်း အများကြီးပါပဲ။
တကယ်တမ်း ဒီဖြစ်စဉ်ထဲကနေ စဉ်းစားသင့်တာက ဘာကြောင့် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုတွေ မရခဲ့ကြတာလဲ၊ ဘာကြောင့် ဒီလိုကပ်ဘေးတွေမှာ အလူးအလဲ ခံခဲ့ကြရတာလဲ ဒါတွေရဖို့ ဒီလိုအလူးအလဲမခံရဖို့ မိမိတို့ ဘာတွေလုပ်သင့်လဲ၊ ဘာတွေလုပ်
နိုင်မလဲ၊ ဘယ်လိုပါဝင်နိုင်မလဲ စသဖြင့်စဉ်းစားရင်း ကိုယ်လုပ်နိုင်သမျှ စပြီးလုပ်မယ်ဆိုတဲ့ အတွေးမျိုးကသာ Solution ဖြေရှင်းချက်ပါပြီး ရလဒ်ကောင်းထွက်တဲ့ Positive အတွေးမျိုးဖြစ်ပါလိမ့်မယ်။
ဟုတ်ပြီ အခုမိတ်ဆွေ ဒီစာဖတ်ရင်း ဘာတွေတွေးမိလည်း မိမိကိုယ်မိမိ အဖြေရှာကြည့်ပါ။ စာရေးသူနဲ့ အမြင်မတူညီနိုင်တာရှိတာကို နားလည်နိုင်စွမ်းရှိရင် စိတ်က သက်သာလိမ့်မယ်။ အမြင်မတူညီနိုင်တာအပေါ် ဒေါသသယ်လာတာနဲ့ အတွေးညီမျှခြင်း ရလဒ်ဆိုတာ စာဖတ်သူမိတ်ဆွေမမေ့ပါနဲ့။
မိမိရဲ့ အတွေးအမြင်တွေ နေ့စဉ်ရေး/ပြောတဲ့အခါ အချို့က အပြုသဘောနဲ့ တုံ့ပြန်ကြတာတွေ့သလို အချို့ကလည်း ဒေါသတကြီးတုံ့ပြန်ရေးသားကြတာ တွေ့ရပါတယ်။ စာရေးသူအနေနဲ့က Public အများကိုဖွင့်ပြီး ကိုယ့်ရဲ့အမြင်ယူဆချက်ကိုရေးသားပြောဆိုမှုမှာ တာဝန်ယူ တာဝန်ခံမှုတွေ၊ Public Speaker တွေရဲ့ ကျင့်ဝတ်တွေ၊ စံတန်ဖိုးတွေ စတာတွေထားရှိပြီးဖြစ်လို့ ပြန်လည်တုံ့ပြန်မှုတွေကို လေးစားတန်ဖိုးထားပါတယ်။ ဒီ တုံ့ပြန်မှုတွေထဲကနေ Positive ဖြစ်စေမယ့်အရာတွေကိုသာ ယူလေ့ရှိပြီး မိမိအတွက် အများအတွက် Negative ဖြစ်စေမယ့်အရာတွေကို လုံးဝယူဆောင်လေ့မရှိပါဘူး။
အချုပ်အားဖြင့်တိုက်တွန်းချင်တာက စာဖတ်သူများအနေနဲ့လည်း အကြောင်းအရာတစ်ခု မည်သူရေးသည်ဖြစ်စေ၊ ပြောသည်ဖြစ်စေ စဉ်းစားတော့မယ်ဆိုရင် အဲဒီအကြောင်းအရာထဲက Negative ရှူထောင့်ဘက်က စတင်မစဉ်းစားဘဲ၊ Positive ရှူထောင့်ဘက်က စတင်စဉ်းစားကြည့်ပါ။ နောက်ဆုံး ပြောသူ ရေးသူက အကျိုးမရှိတဲ့အရာမျိုးဖြစ်ခဲ့ရင်တောင် "ဒါမျိုး ငါ့ကို မရေးသား မပြောမိဖို့ သတိပေးနေပါလား" ဆိုတဲ့ Positive Solution မျိုးထွက်အောင်မစဉ်းစားဘဲ "ဘာလာလာ တွယ်မှာပဲ" ဆိုတဲ့ အတွေးမျိုးရှိတိုင်း သင့်ရဲ့ စံတန်ဖိုး၊သင့်ရဲ့ အတွေးအခေါ် ၊ နောက်ဆုံး သင့်ရဲ့ ဘဝတစ်ခုလုံးဟာ သင်ရဲ့ "အတွေး ညီမျှခြင်း ရလဒ်" ဆိုတာ မမေ့ပါနဲ့။
U AUNG -LGTI
#UAung
#ဆောင်းပါး
#motivation
#နှလုံးသားအာဟာရ
#lifeguidetraininginstitute

0 Comments:
Post a Comment