"တကယ်အောင်မြင်ကြပြီလား"
အောင်မြင်ခြင်း အခြားတစ်ဘက်မှာရှုံးနိမ့်ခြင်းဆိုတာရှိပါမယ်။ လူတစ်ဦးချင်းရဲ့ဘဝအပေါ်ရရှိလာတဲ့ အကြောင်းတရား၊အကျိုးတရားတွေကို ဘာသာပြန်ပုံခြင်းမတူညီရာကနေ တစ်ခါတစ်ရံ ရှုံးနိမ့်ခြင်းတွေကို အောင်မြင်ခြင်းလို့ ဘဝမှာတွေးထင်သွားရင် မိမိတို့ဟာ မသိမှုနဲ့ သံသရာအထိ ရှုံးနိမ့်သွားကြပါလိမ့်မယ်။
လူ့ဘဝတစ်ခုရလာတာနဲ့အမျှ လူသားတိုင်းမှာကောင်းခြင်းနဲ့ဆိုးခြင်း၊ ဆင်းရဲခြင်းနှင့် ချမ်းသာခြင်း၊ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်း စတဲ့ ဘဝကပေးတဲ့ လောကဓံကို မလွဲမသွေရင်ဆိုင်လက်ခံကြရပါလိမ့်မယ်။
အကောင်းလောကဓံတွေနဲ့ကြုံတဲ့အခါ ဘဝဟာ အောင်မြင်ခြင်းသုခတွေနဲ့ပျော်ရွှင်စိတ်ချမ်းသာ နေကြပေမယ့် အဆိုးလောကဓံနဲ့ကြုံလို့ ဒုက္ခဆင်းရဲတွေနဲ့ အရာရာရှုံးနိမ့် ကျဆုံးချိန်ဆိုရင် မိမိတို့ဟာ စိတ်မချမ်းမသာဖြစ်ကြတယ် မပျော်ရွှင်ကြတော့ပါဘူး။ ဒါကြောင့် လူတိုင်းဟာ အောင်မြင်ချင်ကြတယ် သုခချမ်းသာကိုလိုချင်ကြတယ် ဒါဟာ လူ့သဘာဝတရားတစ်ခုပေမို့ ထူးထွေစောဒက မတက်လိုပါဘူး။
ယခုခေါင်းစဉ်ပါတဲ့အတိုင်း လူတွေဟာ အောင်မြင်ချင်တဲ့နေရာမှာ အောင်မြင်မှု ဆိုတာ ဘာလဲကစတင်သိရှိပြီး ဘဝမှာရလာမယ့်အရာတွေကို အောင်မြင်မှုလား ရှုံးနိမ့်မှုလားဆိုတာ မိတ်ဆွေတို့ လေ့လာဆန်းစစ် ကြဖို့လိုပါမယ်။
အောင်မြင်မှုဆိုတာဘာလဲ ဆိုတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ ကမ္ဘာကျော်ပညာရှင်ကြီးတွေ၊ ဟောပြောသူတွေ အကျယ်တဝံ့များစွာပြောဆိုထားပြီး စာဖတ်သူတွေ လေ့လာမိကြမှာပါ။
အောင်မြင်မှုအကြောင်းများစွာထဲက အကျဉ်းချုပ်ပြောရရင်
၁။ပျော်ရွှင်ခြင်း
၂။ယုံကြည်ချက်ရှိခြင်း
၃။ရည်ရွယ်ချက်ပြည့်မြောက်ခြင်း
ဒီ ၃ ချက်ရတဲ့သူတွေဟာ မိမိကိုယ်မိမိ အောင်မြင်ပြီ (သို့) အောင်မြင်သူလို့ထင်ကြသလို ပါတ်ဝန်းကျင်ကလဲ ဒီလိုပဲသတ်မှတ်ကြတယ်။ ဒီနေရာမှာတော့ စစ်မှန်တဲ့ အောင်မြင်ခြင်းဟုတ်မဟုတ်ကို ဘယ်လိုစံနှုန်းပေတံတွေနဲ့ တိုင်းထွာကြမလဲ။ ဒါနဲ့ပတ်သက်လို့ စာဖတ်သူများကိုယ်တိုင် ဘဝမှာ တွေ့ကြုံခံစားရသမျှကို လက်တွေ့ဆန်းစစ်နှိုင်းယှဉ်ကြည့်နိုင်ဖို့ အောင်မြင်မှုစံနှုန်းမေးခွန်းလေးများကို ကိုယ်တိုင် ပြန်လည်ဖြေကြားရင်း ဘဝရဲ့ အောင်မြင်မှု ကို ဆန်းစစ်ကြည့်ကြပါစို့။
သတိချပ်ရမှာက လူဆိုတာ သူတစ်ပါးကိုလိမ်လို့ရပေမယ့် မိမိကိုယ်မိမိ လုံးဝလိမ်လို့မရပါဘူး။
၁။ပျော်ရွှင်ခြင်း
ပျော်ရွှင်မှုပုံစံအမျိုးမျိုးရှိပါမယ်။ ဘဝပေးပျော်ရွှင်မှုမှာ တစ်ခါတစ်ရံ ရှာဖွေဖန်တီးယူတဲ့ပျော်ရွှင်မှု ပါတတ်ပါတယ်။ ဒီတော့ကာ စာဖတ်သူတို့အနေနဲ့ပျော်ရွှင်မှုက အောင်မြင်မှုဆိုရင် တကယ်ပျော်ရဲ့လား မေးပါရစေ။
🔸သူတစ်ပါးမျက်ရည်ပေါက်ပေါက်ကျမှ အမြတ်ရမယ့် ငွေနဲ့စည်းစိမ်ချမ်းသာရတာဆို တကယ်ပျော်ရဲ့ လား?
🔸သက်ရှိသတ္တဝါ ကျေးငှက်တိရစ္ဆာန်လေးတွေကို သတ်ဖြတ်စားရတာ စားချင်တာစားရတာပဲဆိုပြီး တကယ်ပျော်ရဲ့လား?
🔸ကမာကောင်လေးတွေရဲ့ မျက်ရည်နဲ့ရတဲ့ ပုလဲ ဆင်မြန်းရတာ ဝတ်ချင်တာဝတ်ရတာပဲဆို တကယ်ပျော်ရဲ့လား?
🔸အနိုင်ရတိုင်း ပျော်တယ်ဆိုရင် ငွေအား လူအား ပညာအား တစ်ခုခုနဲ့ တစ်ပါးသူကို အနိုင်ကျင့်ပြီးမှရလာတဲ့ အနိုင်နဲ့ဆို တကယ်ပျော်ရဲ့လား?
🔸ဘဝအတွက် အကျိုးရှိစေမယ့်အလုပ်တွေကို မလေ့လာ မသင်ယူ မဆည်းပူး မရှာဖွေဘဲ နေချင်သလိုနေရတာမှပျော်တယ်ဆိုတာ တကယ့်အပျော်လား?
တကယ်တမ်းပျော်ရွှင်စရာက
🔸မိမိကြောင့် မိသားစုတွေ စိတ်ချမ်းသာပျော်ရွှင်နေကြတာကြည့်ပြီးရတဲ့ ပျော်ရွှင်မှု
🔸မိမိကြောင့် မိမိပါတ်ဝန်းကျင် အေးချမ်းသာယာပျော်ရွှင်တာကြည့်ပြီးရတဲ့ ပျော်ရွှင်မှု
🔸မိမိကြောင့် တစ်ပါးသူတစ်ဦးတစ်ယောက် တစ်ဖွဲ့ စိတ်ချမ်းသာစေခြင်းကရတဲ့ ပျော်ရွှင်မှု
🔸မိမိကြောင့် တစ်ပါးသူတစ်ဦးတစ်ယောက်ဟာ အကျိုးရှိစေမည့် အသိပညာ၊ အတတ်ပညာ တခုခုကို ရရှိသွားစေခြင်းကရတဲ့ ပျော်ရွှင်ခံစားမှု
စတဲ့ဒီလိုပျော်ရွှင်မှုမျိုး မိမိတို့ခံစားရရဲ့လားဆိုတာ ဆန်းစစ်ကြဖို့လိုပါတယ်။ ဒီလိုပျော်ရွှင်မှုကသာ မိမိဘဝရဲ့ အောင်မြင်မှုအနှစ်သာရကိုရစေပါတယ်။
မိမိကစီးပွားရေးလုပ်ကိုင်တယ်ဆိုပါစို့။
🔸မိမိကုန်ပစ္စည်းသည် စားသုံးသူအတွက် ရည်ရှည်အကျိုးရှိမှု
🔸တန်ဖိုးနဲ့ထိုက်တန်တဲ့ အရည်အသွေး ဝန်ဆောင်မှုကို စားသုံးသူရရှိစေမှု
🔸လုပ်ငန်းတစ်ခု(သို့)ထုတ်ကုန်တစ်ခု အပေါ်ကရရှိလာမည့် အကျိုးအမြတ်သည် မိမိလုပ်ဖော်ကိုင်ဘက် များ၊ စားသုံးသူများအားလုံးနဲ့အတူ ထိုက်သင့်မျှတစွာရရှိလာမှုအပေါ် ဝမ်းမြောက်ပျော်ရွှင်ခြင်း
🔸မိမိစီးပွားရေးလုပ်ငန်းနဲ့ ဆက်စပ်လုပ်ကိုင်ကြရင်း တိုးတက်အောင်မြင်ကြီးပွားသွားကြတာတွေကို တွေ့ရင်းခံစားရတဲ့ပျော်ရွှင်ခြင်း စတဲ့စိတ်ခံစားမှုများနဲ့ ပျော်ရွှင်တတ်မှသာ ပျော်ရွှင်မှုအစစ် တနည်းအားဖြင့် မိမိဘဝရဲ့ အောင်မြင်မှုကြီးလို့ဆိုနိုင်ပါတယ်။
***
၂။ယုံကြည်ချက်ရှိခြင်း
ယုံကြည်ချက်ရှိခြင်းဟာ အောင်မြင်ခြင်းလို့ဆိုရာဝယ် မိမိတို့ယုံကြည်ချက် ဘယ်လောက်ခိုင်မာကြလဲဆိုတာ ဆန်းစစ်ကြည့်ကြဖို့လိုပါမယ်။ လူတစ်ဦးချင်းမှာ မတူညီနိုင်တဲ့ ခံယူချက် ယုံကြည်ချက် ဆိုတာရှိကြပါတယ်။
"ခံယူချက်ကောင်းမွန်ခြင်းမှသည် ယုံကြည်ချက်အမှန်တရား၊ အမှန်တရားယုံကြည်ချက်မှသည်အောင်မြင်မှုကို ရစေပါမယ်။"
ခံယူချက်လွဲမှားရင် မတရားတဲ့ယုံကြည်ချက်ဖြစ်တတ်တယ်၊ ဒါဟာအောင်မြင်မှုနဲ့ဝေးကွာသော ကျဆုံးခြင်းစီသို့ ဦးတည်နေပါတယ်။ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး ၊လူမှုရေး စတဲ့နယ်ပယ်အသီးသီးမှာ ယုံကြည်ချက်ရှိကြတာခြင်းတွေလည်း တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ကြပြန်ပါဘူး။
ယုံကြည်ချက်လို့ဆိုရာဝယ် မိမိရဲ့ကိုယ့်ကျင့်တရား၊ တနည်းအားဖြင့် ကိုယ့်ကျင့်သိက္ခာကိုမထိခိုက်စေသော ကိုယ်ကျင့်သီလကိုလုံခြုံစေသော၊ မိမိကြောင့် တစ်ပါးသူတို့အကျိုးဖြစ်စေရမည် ၊အကျိုးမဲ့ မဖြစ်စေရဆိုတဲ့ ခံယူချက် ယုံကြည်ချက်များကသာ မိမိတို့ဘဝရဲ့ အောင်မြင်မှုကိုပေးစွမ်းနိုင်တဲ့ ယုံကြည်ချက် ဖြစ်စေပါမယ်။ ယုံကြည်ချက်တခုကနေ အောင်မြင်မှုစီလှမ်းတဲ့နေရာမှာ မိမိတို့ရဲ့ ယုံကြည်ချက်အမှန်တရားကို မည်သည့်နည်းလမ်းနှင့်မျှ မပျက်စီးစေဘဲ အမြဲတည်တံ့နေရပါမယ်။
လူအချို့က ငါသာလျှင် အတော်ဆုံး၊အတတ်ဆုံး၊အချမ်းသာဆုံး၊ အင်အားအကြီးဆုံး၊ ခွန်အားအကြီးဆုံး၊ အာဏာပါဝါအကြီးဆုံး ဆိုပြီး သူတို့ကိုယ်သူတို့ ခံယူထားတယ် ခံယူထားတဲ့အတိုင်းလဲ ယုံကြည်ချက်ထားတယ်။ ယုံကြည်ထားတဲ့အတိုင်းလဲ မဖြစ်မနေ ရအောင်လုပ်ဆောင်ကြမယ်ဆိုပါစို့။ ဒီနေရာမှာ အရေးအကြီးဆုံးသတိချပ်ရမည့်ခံယူချက်၊ ထားရမည့်ယုံကြည်ချက်က
(၁)ငါသာလျှင်အတော်ဆုံးဆိုတာထက် ငါသည် အများသူငါကို မှန်ရာကိုလမ်းပြပေးနိုင်သူ လောကကို အလင်းဆောင်နိုင်သူဖြစ်ရမယ်လို့ အတွေးခံယူချက်ပြောင်းပါ။
(၂)ငါအတတ်ဆုံးဆိုတာထက် ဘဝမှာ ဘယ်အချိန် ဘယ်အခါ ဘယ်အသက်မရွယ်မဆို လေ့လာသင်ယူ နေရမယ် လေ့လာသင်ယူမှုဆိုတာ အဆုံးမရှိတဲ့ ခရီးတစ်ခုပဲလို့ အတွေးပြောင်းရမယ်။
(၃)ငါသည် အချမ်းသာဆုံးဆိုတာထက် ငါသည်လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့လူသားတွေကို အချိန်အခါ မရွေး ပေးကမ်းစွန့်ကြဲနိုင်သူဖြစ်စေရမယ်ဆိုတဲ့ စိတ်ကူးပြောင်းလဲပါ။
🔸ငါသည် အင်အားအကြီးဆုံး၊ ခွန်အားအကြီးဆုံး၊ အာဏာပါဝါအကြီးဆုံး ဆိုတာထက် ငါသည် မိမိမှာရှိတဲ့ အင်အားနဲ့ အများသူငါကို ကူညီဖေးမနိုင်သူဖြစ်ရမယ်၊ ငါ့မှာရှိတဲ့ ခွန်အားတွေနဲ့ လူသားတွေကိုကာကွယ် စောင့်ရှောက်နိုင်ရမယ်၊ ငါ့မှာရှိတဲ့လုပ်ပိုင်ခွင့်နဲ့ လူသားတွေကိုနွေးထွေးလုံခြုံမှုပေးနိုင်ရမယ်ဆိုတဲ့စိတ်ကူး ခံယူချက်ပြောင်းလဲပါ။
ဒီလို အတွေးခံယူချက်ကသာ မိမိဘဝပြီးပြည့်စုံတဲ့အောင်မြင်မှုရဖို့ မှန်ကန်တဲ့ယုံကြည်ချက်ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ မိမိတို့ခံယူချက်မှသည် ယုံကြည်ချက်မှန်ရဲ့လားဆန်းစစ်ကြည့်ရအောင်။
🔸မိမိကြောင့်တစ်ပါးသူတို့သည် ရှင်သန်ခြင်းတို့သာဖြစ်စေရမည် မည်သည့်အခါမျှ သေဆုံးခြင်းသို့မရောက် စေရဘူး ဆိုတဲ့ ခံယူချက် ယုံကြည်ချက်ကိုကိုင်စွဲထားတဲ့သူတစ်ဦးဟာ သူ့ရဲ့ ရာထူး၊အာဏာ၊ပါဝါ၊ စီးပွား၊ မိသားစုတစ်ခုခုကို တစ်ပါးသူကတိုက်ခိုက်လာချိန် နောက်ဆုံး သူ့အသက်ဘေးနဲ့ယှဉ်လာတဲ့အချိန်မှာ မိမိတို့ဟာ မူလခံယူချက် ယုံကြည်ချက်ကို ပြောင်းလဲလိုက်ကြပြီလား၊ ဒါဆိုရင်တော့အောင်မြင်နိုင်တဲ့ ယုံကြည်ချက် မဖြစ်တော့ပါဘူး။
🔸"လျှာမြက်ပေါက်ပါစေ သူတစ်ပါးမျက်ရည်ပေါက်ကြီးငယ်ကျမှ စားရမယ့်ထမင်းတစ်လုပ် ဘယ်တော့မှ မစားဘူး အငတ်ပဲခံမယ်" ဆိုတဲ့ မှန်ကန်တဲ့ခံယူချက် ယုံကြည်ခြင်းဟာ သိပ်ကိုမွန်မြတ်လှပါတယ်။
▪️ဒါဆိုရင် တစ်ခါတစ်ရံ မိသားစုစားဝတ်နေရေးကိုအခက်အခဲရှိတိုင်း ဝိသမလောဘနဲ့ စီးပွားရှာကြမလား၊ ဒါဟာ ခိုးယူမှုပါပဲ။
အဓမ္မနဲ့ရတဲ့ အခွင့်အရေးကို သာယာနေကြမလား၊ ဒါဟာ မတရားမှု လိမ်လည်မှုပါပဲ။ ပါတ်ဝန်းကျင်က သတိမထားမိတိုင်း လူမှုနယ်ပယ်မှာ မိမိတို့လူသားတိုင်း အခြေခံလိုက်နာရမည့် ကျင့်ဝတ်များကို မလိုက်နာဘဲ တနည်းအားဖြင့် လောကနီတိကို ချိုးဖောက်နေကြမလား၊ ဒါဟာ ဖောက်ပြန်မှုပါပဲ။ ဒီလို အခြေအနေများကြုံလာချိန်မှာ မူလမိမိတို့ရဲ့ ခံယူချက် ယုံကြည်ချက်ရှိခြင်းတွေဟာ မပြောင်းလဲပဲ ခိုင်မာ သက်ဝင်နေဖို့ အထူးအရေးကြီးလှပါတယ်။ ဒါမှသာ ယုံကြည်ချက်မှသည် အောင်မြင်မှုကိုရစေပါမယ်။
***
၃။ရည်ရွယ်ချက်ပြည့်မြောက်ခြင်း
လူအများစုဟာ မိမိတို့ရည်ရွယ်ချက်ပြည့်မြောက်ရင် အောင်မြင်ကြပြီလို့ခံယူတတ်ကြတယ်။ ဒီနေရာမှာ သတိချပ်ရမှာက မိမိတို့ရဲ့ ရည်ရွယ်ချက်ဟာ အတ္တ၊မာန၊ ဒိဌိ ကင်းတဲ့ရည်ရွယ်ချက်ဖြစ်ဖို့လိုပါမယ်။ တနည်းအားဖြင့် မိမိအကျိုး၊ သူတစ်ပါးအကျိုး ၊ လောကအကျိုးကို ပျက်စီးစေလိုသော ရည်ရွယ်ချက် ရည်မှန်းချက်မျိုးမဖြစ်ဖို့ အထူးအရေးကြီးလှပါတယ်။
ဒါဆိုရင် မိမိရည်ရွယ်ချက်ပြည့်မြောက်တိုင်း အောင်မြင်မှုလို့ဆိုနိုင်မလား ဆက်လေ့လာကြည့်ကြရ အောင်။
🔸လူတစ်ယောက်ဟာ သူ့မိသားစုကို ချမ်းသာပြည့်စုံစွာ ထားလိုတဲ့ရည်ရွယ်ချက်နဲ့ အလုပ်ကြိုးစားလုပ်ကိုင် တယ်။ တနေ့မှာသူလိုချင်တဲ့စည်းစိမ်ဥစ္စာတွေရှိပြီး ရည်ရွယ်ချက်တွေပြည့်စုံသွားတယ်ဆိုပါစို့။ ဒီနေရာမှာ သူစီးပွါးရှာခဲ့ပုံက သမ္မာအာဇီဝနဲ့မဟုတ်ပဲ ဝိသမလောဘနဲ့ ရှာဖွေပြီးမှရတဲ့ စည်းစိမ်ဥစ္စာတွေဖြစ်နေခဲ့တယ်ဆိုရင် သူ့ရဲ့ရည်ရွယ်ချက်ကတော့ ပြည့်မြောက်ခဲ့ပေမယ့် ဒါဟာသူ့ဘဝရဲ့အောင်မြင်မှုဖြစ်ပါ့မလား ဆိုတာ စဉ်းစားကြပါ။
🔸နောက်ထပ်လူတစ်ယောက်ကတော့ သူ့လုပ်ငန်းခွင်မှာ သူဟာရာထူးအမြင့်ဆုံးကို ရရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလုပ်လုပ်ကိုင်တယ်။ တနေ့မှာ ရည်ရွယ်ချက်အတိုင်း သူဟာ လုပ်ငန်းရဲ့ အမြင့်ဆုံးရာထူးကို ရောက်ရှိခဲ့တယ်ဆိုပါစို့။ ဒီနေရာမှာ သူဘယ်လို ရာထူးတွေအဆင့်ဆင့်ကို ရယူသွားခဲ့တာလဲ၊ လုပ်ရည်ကိုင်ရည် စီမံခန့်ခွဲခြင်း ကျွမ်းကျင်မှု၊ လုပ်ဖော်ကိုင်ဖက်များအပေါ် ကိုယ်ချင်းစာနာမှု၊ အလုပ်အပေါ် တာဝန်ယူ တာဝန်ခံစိတ် အပြည့်ရှိမှု၊ လုပ်ငန်းအကျိုးကိုဖြစ်စေပြီး အလုပ်အပေါ်သစ္စာရှိမှု စတာတွေကြောင့်မဟုတ်ပါဘဲ လုပ်ဖော် ကိုင်ဘက်တွေကိုချနင်း၊ တာဝန်ဆိုမယူတတ် အမြဲလွှဲပေးတတ်သူ၊ အထက်လူကြီးရှေ့တွင်သာ အလုပ်လုပ်တတ်ပြီး ကွယ်ရာဆိုရေသာခိုအချောင်နေတတ်သူ၊ လုပ်ငန်းတာဝန်ထက် ပုဂ္ဂိုလ်ရေးနဲ့အထက်လူကြီး သို့မဟုတ် လုပ်ငန်းပိုင်ရှင်ကို အပေါ်ဖားအောက်ဖိစိတ်နဲ့ ဆက်ဆံခြင်းကြောင့် ရလာတဲ့ ရာထူးဆိုရင် ရည်ရွယ်ချက်တော့ပြည့်မြောက်ပေမယ့် ဒီလို အောက်တန်းကျတဲ့ စိတ်ဓါတ်နဲ့လုပ်ရပ်ဟာ အောင်မြင်တဲ့ သူတစ်ဦးရဲ့ လက္ခဏာဖြစ်နိုင်ပါ့မလားစဉ်းစားကြပါ။
🔸ဒါ့အပြင် လူတစ်ဦးဟာ နိုင်ငံ့ခေါင်းဆောင် (သို့) လူထုခေါင်းဆောင် (သို့) ကမ္ဘာ့ခေါင်းဆောင် တစ်နေ့ ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ထားရှိပြီး တစ်နေ့မှာ ရည်ရွယ်ချက်အတိုင်း အဆိုပါခေါင်းဆောင်ရာထူး နေရာရသွားတယ်ဆိုပါစို့။
ဒီနေရာမှာ သူဟာ ဒီလို နိုင်ငံ့ခေါင်းဆောင် (သို့) လူထုခေါင်းဆောင် (သို့) ကမ္ဘာ့ခေါင်းဆောင် နေရာကို ဘယ်လိုရောက်ရှိခဲ့တာလည်း၊ တိုင်ပြည်အပေါ် ကြောသားရင်သား မခွဲခြားပဲ တမ်းတူညီမျှ အုပ်ချုပ်နိုင် စွမ်းရည်၊ ပြည်သူပြည်သားတွေရဲ့ ထောက်ခံအားပေးမှု၊ တိုင်းပြည်နဲ့လူထုအပေါ်အနစ်နာခံစိတ် သစ္စာရှိစိတ်၊ ပြည်သူလူထုအပေါ် သနားကြင်နာမှု လူသားဆန်မှုစိတ် ၊ အခြားနိုင်ငံခေါင်းဆောင်များရဲ့ လေးစား အသိအမှတ်ပြုခံရမှု စတာတွေကြောင့် ရရှိလာတဲ့ခေါင်းဆောင်နေရာမဟုတ်ပါဘဲ ပြည်သူကိုညှင်းပန်း နှိပ်စက်၊ လုပ်ဖော်ကိုင်ဖက်တွေအပေါ် သစ္စာဖောက်၊ လူအင်အား လက်နက်အင်အားနဲ့ပြည်သူလူထုကို ခြိမ်းခြောက်အကြပ်ကိုင်၊ ပြည်သူက မထောက်ခံပေမယ့် ပြည်သူကိုအကြောက်တရားရိုက်သွင်းပြီး ပြန်မလှန်နိုင်အောင်ဖိနှိပ်၊ ငါ့မိသားစု ငါ့လူမျိုး ငါ့နိုင်ငံ ကောင်းစားရေးအတ္တဆန်တဲ့လူသားစိတ်ကင်းမဲ့မှုနဲ့ သူတပါးအဖွဲ့အစည်း သူတပါးနိုင်ငံကို ကျူးကျော်တိုက်ခိုက်ပြီး ရလာတဲ့ခေါင်းဆောင်နေရာဟာ အဲဒီသူရဲ့ ရည်ရွယ်ချက်ပြည့်မြောက်တယ်ဆိုပေမယ့် ဒါဟာ သူ့ဘဝရဲ့ အောင်မြင်မှုလို့ သုံးလို့မရပါဘူး။
ဒါကြောင့် ဘဝတစ်ခုမှာ တကယ်အောင်မြင်ဖို့အဓိကဖြစ်တဲ့
၁။ပျော်ရွှင်ခြင်း
၂။ယုံကြည်ချက်ရှိခြင်း
၃။ရည်ရွယ်ချက်ပြည့်မြောက်ခြင်း ဟုဆိုရာဝယ် မိမိတို့ဟာ တကယ်အောင်မြင်ရဲ့လားဆိုတာလေ့လာ ဆန်းစစ်ကြဖို့လိုပါတယ်။
အမှန်တကယ်အောင်မြင်မှုကို ခွဲခြားမသုံးသပ်နိုင်ရင် မိမိတို့ရဲ့ ပျော်ရွှင်နေတိုင်း၊ ယုံကြည်ချက်ရှိနေတိုင်း ၊ ရည်ရွယ်ချက်ပြည့်မြောက်နေတိုင်းဟာ ဘဝရဲ့အောင်မြင်မှုမဟုတ်ပါဘဲ သံသရာအထိ ကျဆုံးရှုံးနိမ့်နေခြင်းပဲဆိုတာ သတိချပ်ကြစေလိုပါတယ်။
U AUNG -LGTI

0 Comments:
Post a Comment