"ယုံကြည်မှု (Confidence) တိုးတက်စေမယ့် နည်းလမ်း ၅ ခု "
▪️ယုံကြည်မှု Confidence ဆိုတာ မိမိမှာရှိတဲ့ အသိပညာစွမ်းရည်၊ အတတ်ပညာစွမ်းရည်နဲ့ ဆင်ခြင်တုံတရားတို့ အပေါ်အဓိက အခြေပြုမူတည်ပါတယ်။ ဒီအရည်အသွေးတွေမြင့်ရင် မြင့်သလောက် ယုံကြည်မှုမြင့်နိုင်သလို နိမ့်ရင်နိမ့်သလောက် ယုံကြည်မှုနည်းပါးလာတာတွေ့ရပါတယ်။
Confidence ဟာ လူတစ်ယောက် အောင်မြင်ခြင်းနယ်ပယ်တခုကို ဝင်ရောက်နိုင်ဖို့ ကျော်ဖြတ်ရမယ့် စည်းတွေထဲမှာ ထိပ်ဆုံးကစည်းလို့တောင် ပြောနိုင်ပါတယ်။ ဒီစည်းကို မဖြတ်ကျော်နိုင်သရွေ့ အောင်မြင်မှုနယ်ပယ်ထဲ ခြေချနိုင်မှာမဟုတ်ပါဘူး။
ယုံကြည်မှုတက်အောင် ဘယ်လိုလုပ်ရမလဲမပြောခင် ဘာကြောင့် ယုံကြည်မှုကျသွားလဲဆိုတာ ဦးစွာ ပြောပြချင်ပါတယ်။ အဓိက လူတစ်ယောက်မှာ အခြေခံရှိရမယ့် စွမ်းရည်တစ်ခုဖြစ်တဲ့ Abilities အရပြောရရင် အမှားအမှန်အကောင်းအဆိုး အကြောင်းအကျိုးကို သိမြင်နိုင်မှုနည်းခြင်းကနေ "တာဝန်ယူ တာဝန်ခံလိုစိတ်" ပါးရှားလာတာဟာ ယုံကြည်မှုကျစေတဲ့ အဓိကအချက်ပါပဲ။ နောက်တခုက မိမိကိုယ်မိမိယုံကြည်မှုရဲ့ အခြား ဘက်မှာ မိမိကိုယ်မိမိ အထင်သေးခြင်း၊ မကျေနပ်ခြင်း၊ ကြောက်စိတ်ရှိနေခြင်းနဲ့ တစ်ခုခုအပေါ် စိုးရိမ်စိတ် ရှိနေခြင်းမျိုးပါ။
ဒီနေရာမှာ မိမိကိုယ်မိမိ ယုံကြည်မှု Confidence ရှိခြင်း/မရှိခြင်းကို အလွယ်ကူဆုံးသိရှိနိုင်မယ့် နည်းလမ်းကတော့ မိမိမှာ "သံသယစိတ်" နည်းခြင်း၊များခြင်းနဲ့ တိုင်းတာရပါမယ်။ မိမိကိုယ်မိမိ သံသယဝင်တယ်ဆို တာထက် သေသေချာချာစဥ်းစားရင် သူတစ်ပါးအပေါ်မှာဖြစ်တဲ့ သံသယစိတ်တွေချည်းပါပဲ။
▪️ဥပမာ ယုံကြည်မှုအခြားဘက်က မိမိကိုယ်မိမိအထင်သေးခြင်းဆိုတာ တကယ်တော့ တစ်ပါးသူတွေအပေါ်မှာ အထင်ကြီးမှုလွန်ကဲတဲ့ စိတ်ကစလာတဲ့ မိမိကိုယ်မိမိ အထင်သေးစိတ်ဖြစ်လာတာမျိုးပါ။ အဲဒီကနေ အခြေခံလာရင်း မိမိကိုယ်မိမိ အလိုမကျတာ ၊ မချစ်တတ်တော့တာ၊ နောက်ဆုံး မိမိကိုယ်မိမိ မကျေနပ်ဖြစ် လာတဲ့အခြေအနေအထိဖြစ်လာစေခဲ့တာပဲ။
ကြောက်စိတ်ဆိုတာလဲ ကိုယ်လုပ်လိုက်လို့ အခြားတဘက်က ပြန်လည်ဖြစ်ပေါ်လာမယ့် အကျိုးတရားတွေ အပေါ် တာဝန်ယူ တာဝန်ခံစိတ်မရှိပဲ ကြိုတင်တွေးတောပူပန်နေတဲ့ သံသယစိတ်ပါပဲ။ ငါလုပ်ရင် အောင်မြင်ပါ့မလားဆိုတာဟာလဲ တနည်းပြောရရင် လူတွေငါ့အလုပ်ကို လက်ခံပါ့မလားဆိုပြီး လူတွေအပေါ် ၊ လောကကြီးအပေါ် ကြိုတင်ပူပန်နေတဲ့ သံသယစိတ်ပါပဲ။
"ဒီနေရာမှာ အထူးပြောချင်တာက သံသယစိတ်များလေလေ ယုံကြည်မှုနည်းလေလေဆိုတာပါပဲ•••"
ဒါကြောင့် ယုံကြည်မှုတက်လာအောင် သံသယများတတ်တဲ့စိတ်ကို လျှော့ချဖို့လိုပါတယ်။ သံသယစိတ်ကို လုံးဝဖျောက်နိုင်ရင် ယုံကြည်မှုအပြည့်အဝရှိလာပါလိမ့်မယ်။ ဒီလိုပြောတော့ အများစုက ထပ်မေးကြတယ် သံသယစိတ်ကို ဘယ်လိုဖျောက်ရမလဲဆိုတဲ့မေးခွန်းရှိလာပါတယ်။
သံသယစိတ်ဖျောက်ဖို့ဆိုရင် မိမိကိုယ်မိမိ အထင်သေးခြင်းနဲ့ သူတပါးအပေါ် အထင်ကြီးမှုလွန်ကဲခြင်းကို ရှောင်ပြီး မိမိကိုယ်မိမိ ဂုဏ်ယူတတ်ခြင်း၊ မိမိကိုယ်မိမိ တန်ဖိုးထားတတ်ခြင်း၊ အလွယ်ကူဆုံးနဲ့ တိုတိုထိထိမိမိ ပြောရရင် မိမိကိုယ်မိမိ ချစ်တတ်ဖို့လိုပါမယ်။
▪️မိတ်ဆွေတို့အတွက် ယုံကြည်မှု Confidence တက်လာစေမယ့်နည်းလမ်း ၅ ခုကို ဆက်လက်မျှဝေ ပေးလိုက်ပါတယ်။
၁/ မိမိရဲ့ အားသာချက်ကို ရှာပါ
မိမိရဲ့အားသာချက်ကို အနည်းဆုံး ၁ ချက်ရအောင်ရှာပါ။ လူတိုင်းမှာ တစ်ဦးနဲ့တစ်ဦး မတူညီတဲ့ အရည်အသွေး စွမ်းရည်ဆိုတာ အနည်းဆုံး ၁ ခုရှိပါလိမ့်မယ်။ သူတစ်ပါးထံမှာ ကိုယ်မလုပ်နိုင်တဲ့ အရာတွေရှိနိုင်သလို မိမိထံမှာလည်း လူတိုင်းမလုပ်နိုင်တဲ့ အချက် အနည်းဆုံး ၁ ခုတော့ရှိတတ်ကြပါတယ် အဲဒါဟာ အားသာချက်ပါ ဥပမာ မိမိက သည်းခံတတ်တယ်၊ စိတ်ရှည်တယ်၊ အလုပ်တခုကို အကောင်းဆုံးလုပ်တတ်တယ်၊ စကား ပြောကောင်းတယ်၊ ဆက်ဆံရေးကောင်းတယ်၊ သူတပါးကိုကူညီတတ်တယ်၊ အမြဲတမ်းပြုံးနေတယ်၊ ပြဿနာ နဲ့တွေ့ရင် ခေါင်းမရှောင်တတ်ဘူး ရင်ဆိုင်ဖြေရှင်း ကျော်ဖြတ်ရဲတယ် ဆိုကြပါစို့။
လူတိုင်း သည်းမခံတတ်လိမ့်မယ်မထင်နဲ့ ၊ လူတိုင်းမပြုံးတတ်ပါဘူး ဒီလိုပဲ လူတိုင်းဟာ ကိုယ့်လို ကူညီတက် မယ်လို့လဲမတွေးနဲ့ ဒါဥပမာ အနည်းငယ်ပြောတာ ဒီလို လူတိုင်းမှာ မရှိနိုင်တဲ့ အချက်တွေထဲကတစ်ခုခု ကိုယ့်မှာရှိရင် အဲဒါကိုယ့်ရဲ့အားသာချက်ပေါ့။
အရေးကြီးတာကတော့ သူတစ်ပါးဘာတွေလုပ်နိုင်ခြင်း၊မလုပ်နိုင်ခြင်းကို လေ့လာနေတာထက် မိမိဘာလုပ် နိုင်လဲဆိုတဲ့ အချက် အနည်းဆုံး ၁ ချက်ကိုရအောင်ဆွဲထုတ်ရှာဖွေပြီး မိမိဟာ လူညံ့တစ်ယောက်မဟုတ်ဘူး၊ ငါဒီလောက်အထိလုပ်နိုင်တယ်၊ ဒီထက်ပိုလုပ်ကိုင်နိုင်ဖို့ ကြိုးစားမယ်ဆိုရင် ငါဒီထက်ပိုအောင်မြင်မယ်ဆိုတာ အသေအချာပဲဆိုတဲ့ မိမိကိုယ်မိမိ တန်ဖိုးထားဂုဏ်ယူတတ်ခြင်းစိတ်ကနေ ယုံကြည်မှုတက်လာစေပါလိမ့်မယ်။
၂/ဝါသနာအတွက် အချိန်ပေးတတ်တဲ့ အကျင့်လုပ်ပါ
တိုတောင်းလှတဲ့ လူ့ဘဝရခိုက် သေပျော်ဖို့ဆိုတာ နေပျော်ဖို့ကလဲ လိုတယ်။ အားလုံးဟာ မွေးဖွားချိန်ကနေ သေဆုံးချိန်အထိကြားမှာ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အကြောင်းတရားခေါင်းစဉ်မျိုးစုံနဲ့ ရုန်းကန်ရင်း ဘဝကို ဖြတ်သန်းနေကြပါတယ်။ ဒီနေရာမှာ ဆန္ဒနဲ့ဘဝ တထပ်တည်းကျသူတွေ တနည်းအားဖြင့် ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်း တထပ်တည်းကျတွေရှိနိုင်သလို တထပ်တည်းမကျသူကပိုများနိုင်ပါတယ်။
ဒီလို ဝါသနာနဲ့မတူတဲ့ အသက်မွေးဝမ်းကြောင်းမှာ ရှင်သန်နေရသူတွေဆိုရင်တော့ မိမိဝါသနာအတွက် အတတ်နိုင်ဆုံး အချိန်အနည်းငယ်ဖဲ့ယူပြီးပေးနိုင်ဖို ကြိုးစားသင့်ပါတယ်။ လူ့သဘာဝ ကိုယ့်ဝါသနာကို လုပ်နေရရင် ပျော်နေတတ်ကြပါတယ်။ အချိန်တခဏတာဖြစ်ပေမယ့် ဒီလိုရလိုက်တဲ့ ပျှော်ရွှင်မှုဟာ ကိုယ် မပျော်ရွှင်ရပဲ ဖြတ်သန်းနေရတဲ့အချိန်တွေများစွာကို အကောင်းဆုံးကုစားပေးသွားနိုင်ပါတယ်။
အဲဒီလို မဟုတ်ရင် မိမိတိုဟာ အသက်မွေးကြောင်းအရသာလုပ်ကိုင်နေရပေမယ့် မပျော်မရွှင်နဲ့ အချိန်တွေကို ကုန်ဆုံးသွားမယ်ဆိုရင် စိတ်ဓာတ်ကျလာတာ၊ မိမိကိုယ်မိမိ အလိုမကျတာ မကျေမနပ်ဖြစ်တာ စတာကနေ အဲဒီ အသက်မွေးဝမ်းကြောင်းအလုပ်ကို မလုပ်ကိုင်ချင်တော့လောက်အောင် ဖြစ်သွားတတ်ပါတယ်။ ဒီလိုအခြေအနေတွေဟာ Confidence ကိုကျဆင်းစေတဲ့ အကြောင်းတရားတွေပါပဲ။ ဒါကြောင့် မိမိဝါသနာ အတွက်ကိုလည်း တတ်နိုင်သမျှ အချိန်အနည်းငယ် ပေးတတ်တဲ့အလေ့အကျင့်ယူပြီး စိတ်ပျော်ရွှင် အောင်နေထိုင်တတ်ခြင်းကနေ Confidence ကို တက်စေပါလိမ့်မယ်။
၃/တိကျတဲ့ ပန်းတိုင်ချပါ (SMART Goal)
ဘဝဟာ Goal လို့ခေါ်တဲ့ ပန်းတိုင်မရှိရင် လမ်းပျောက်သလိုတွေကြုံလာရပါလိမ့်မယ်။ တကယ်က မိမိတို့သွား ရမယ့်လမ်းကရှိပြီးသားပါ ၊ ဦးတည်ချက်လားရာ ပန်းတိုင်မချထားတဲ့အခါ လမ်းတွေအများကြီးရှိနေပေမယ့် ဘယ်လမ်းကိုလျှောက်ရမှန်းမသိတော့ပဲ လမ်းစပျောက်တဲ့အခြေအနေမျိုးကို ရင်ဆိုင်ကြရပါလိမ့်မယ်။
ဥပမာနဲ့မြင်သာအောင်ပြောရရင် ဘောလုံးပြိုင်ပွဲတစ်ခုမှာ ဂိုးသွင်းမှအနိုင်ရမှာဖြစ်ပေမယ့် ဂိုးပေါက်ပျောက် နေတဲ့အခြေအနေမျိုးပါ။ ဂိုးသွင်းတဲ့အခါမှာလည်း ဦးတည်ရာကန်လိုက်တဲ့ ကန်ချက်မျိုးမဖြစ်စေပဲ ဂိုးပေါက် တည့်တည့်ကို အပိုင်ကန်သွင်းတဲ့ ကန်ချက်မျိုးဖြစ်ရမယ်။ ဂိုးဖမ်းမယ့် ဂိုးသမားရဲ့ ဘယ်ထောင့်ကိုကန်သွင်း မလဲ အမြင့်ကန်ဘောလား၊ အနိမ့်ကန်သွင်းမှာလား စတဲ့ တိကျတဲ့ကန်ချက်မျိုးလိုပါမယ်။
ဒီလိုပဲ ဘဝအတွက် ချရမယ့်ပန်းတိုင်ကိုလည်း SMART Goal အဖြစ် ချဖို့လိုပါလိမ့်မယ်။ ယေဘုယျဆန်တဲ့ ပန်းတိုင်မျိုးကိုအားမပေးပါဘူး။ ဥပမာ အောင်မြင်ချင်တယ် ဆိုကြပါစို့။ "ဘယ်လိုအောင်မြင်ချင်တာလဲ S၊ ဘယ်လောက် အောင်မြင်ချင်တာလဲ M၊ ဘာနဲ့အောင်မြင်အောင်လုပ်မှာလဲ A၊ အောင်မြင်ချင်တာ လက်တွေ့ ဘယ်လောက်ကျလဲ R၊ ဘယ်တော့အောင်မြင်ချင်တာလဲ T" အဲဒီလို SMART ပါတဲ့ Goal ဖြစ်ရပါမယ်။ ဒီလို SMART ဖြစ်တဲ့ပန်းတိုင်မျိုးချထားခြင်းဟာ မိမိအတွက်စိတ်ခွန်အားတွေဖြစ်စေသလို မိမိကိုယ်မိမိလည်း Confidence ယုံကြည်မှုတွေတိုးစေနိုင်ပါတယ်။
၄/လေ့လာမှုအသစ်တွေရှာပါ Update လုပ်ပါ
ယနေ့လို ကမ္ဘာကြီးက ရွာကြီးတစ်ရွာလိုဖြစ်နေတဲ့ Globalization ခေတ်မှာ မိမိတို့ဟာ ဝါးလုံးခေါင်းထဲ လသာနေလို့မဖြစ်ပါဘူး။ မိမိမှာရှိတဲ့ လေ့လာမှုတွေ၊ စွမ်းရည်တွေကို အမြဲတမ်း အသစ်အသစ်တွေနဲ့ အမီလိုက် နိုင်မှ ဒီကနေ့ခေတ်က အဆင်ပြေပါမယ်။ ကိုယ်သိ ကိုယ်တတ်ထားတာလေးအပေါ်မှာပဲ သာယာနေပြီး လေ့လာမှုအသစ်တွေနဲ့ Update လိုက်မလုပ်နိုင်ရင် ပြိုင်ပွဲတစ်ခုမှာဆို မိမိဟာ လူတွေနောက်မှာ အများကြီး ပြတ်ကျန်ခဲ့ရတဲ့အခြေအနေမျိုးပါ။
နည်းပညာအပြင် အခြားသောလူမှုဘဝရှင်သန်မှုပုံစံ၊ သတင်းအချက်အလက်၊ လိုအပ်သောအသိပညာ၊ အတတ်ပညာတွေကို ပြတ်မကျန်အောင် ဂရုစိုက်ဖို့လိုပါတယ်။ ပြတ်ကျန်ခဲ့ပြီဆိုရင် လူတွေပြောသမျှ မိမိနဲ့ အလှမ်းကွာလာပြီး သဟဇာတဖြစ်တဲ့လူမှုဆက်ဆံရေးပုံစံမျိုးမရတော့ပဲ မိမိတို့ဟာ တစ်ခုခုကို မကျေမနပ် ဖြစ်လာတာ၊ သံသယစိတ်ဝင်လာတာ၊ အားမလိုအားမရဖြစ်တာ ဒါတွေစလာပါတော့တယ်။ နောက်ဆုံး မိမိ ဘဝကို နေပျော်တဲ့ပုံစံမျိုးမရှိတဲ့အထိ စိတ်ဓာတ်ကျလာတာမျိုးပါ ကြုံလာရနိုင်ပါတယ်။
ဒီအချက်ဟာ မိမိရဲ့ ယုံကြည်ချက်ကို များစွာထိခိုက်ကျဆင်းစေတာမို့ လေ့လာမှုအသစ်တွေကို အမြဲရှာဖွေ လေ့လာပါ၊ မိမိကိုယ်မိမိ Refresh လုပ်ပါ ၊ Update လုပ်ဖို့လဲမမေ့ပါနဲ့။
၅/Comfort Zone ထဲမှာ သာယာမနေပါနဲ့
ဒီအချက်ဟာ ယုံကြည်မှုတိုးတက်စေဖို့တင်မဟုတ်ပဲ အောင်မြင်ချင်တဲ့သူ မည်သူမဆို အထူးလိုက်နာရမယ့် အချက်တစ်ခုဖြစ်ပါတယ်။ လူတိုင်း ဘာကြောင့် မအောင်မြင်တာလဲ အဖြေကရှင်းပါတယ်၊ လူအများစုဟာ Comfort Zone ထဲမှာပဲသာယာနေတတ်ကြသူများလို့ပါ။ လက်ရှိထက်ပိုမကြိုးစားချင်ကြဘူး၊ သက်သောင့် သက်သာနေလို့ရတဲ့ အခြေအနေကိုပဲလိုချင်ကြတယ်၊ အခက်အခဲကို တွေးပြီးတောင်ရင်မဆိုင်ရဲကြဘူး။
ကြာလာတဲ့အခါ ဒီလိုလူတွေဟာ လူပျင်းတွေဖြစ်လာရင်းကနေ လူဖျင်းအထိပါဖြစ်လာကြတယ်။ ကြိုးစား ချင်စိတ်မရှိရင်း ဘာမှမသိ၊ဘာမှမတတ်ဖြစ်လာရာကနေ အချိန်ကြာလာတဲ့အခါ လူညံ့တစ်ယောက်အထိ ဖြစ်လာနိုင်တယ်။ လူက ညံ့ လာပြီဆို ဘယ်လိုမှ ယုံကြည်မှုတိုးတက်လာမှာမဟုတ်တော့ဘူး။
ဒါကြောင့်အများနဲ့မတူတဲ့ ကြိုးစားချင်စိတ်၊ အောင်မြင်လိုစိတ်၊ အခက်အခဲကိုရင်ဆိုင်ရဲတဲ့ သတ္တိ၊ တာဝန်ယူ တာဝန်ခံစိတ် ဒါတွေရှိမှသာ ယုံကြည်မှုကိုတိုးတက်စေမှာမို့ Comfort Zone ထဲမှာပဲ သာယာမနေပဲ ရုန်းထွက်ပါ။
အချုပ်အားဖြင့်ပြောရရင် ယခုပြောခဲ့တဲ့ အားသာချက်ကိုရအောင်ဆွဲထုတ်၊ ဝါသနာအတွက်အချိန်ပေး၊ တိကျတဲ့ ပန်းတိုင်ချ၊ လေ့လာမှုအသစ်တွေနဲ့ Update လုပ်ပါ၊ Comfort Zone ထဲမှာ သာယာမနေပါနဲ့ စတဲ့အချက်တွေကိုသာ မိတ်ဆွေတို့ကြိုးစားဖော်ဆောင်မယ်ဆိုရင် ယုံကြည်မှု Confidence တိုးတက်စေမှာ အသေအချာပဲဖြစ်သလို ဒီ ၅ ချက်ဟာ အောင်မြင်မှုရဲ့သော့ချက်တွေပဲဆိုတာ မျှဝေပေးလိုက်ပါတယ်။
U AUNG -LGTI
Photo Credit

0 Comments:
Post a Comment