"ဒေါ်လာဈေးဘာကြောင့် ဒီလောက်တက်တာလဲ ဘာဆက်ဖြစ်နိုင်လဲ"
▪️အတက်အလွန်ကြမ်းတဲ့ ဒေါ်လာဈေးနဲ့ပတ်သက်ပြီးတော့ လေ့လာမိသလောက် မျှဝေချင်ပါတယ်။ ကိုယ်တိုင်လည်းစီးပွားရေးနယ်ပယ်တခုက လာသူဖြစ်လို့ လက်ရှိအခြေအနေတွေကို မျက်ခြည်မပြတ်လေ့လာစောင့်ကြည့်နေပါတယ်။
ပထမဆုံး ဒေါ်လာစျေးနှုန်း ဘာဆက်ဖြစ်မလဲမပြောခင် လေ့လာမိသလောက် ခုနှစ်အလိုက် ဒေါ်လာဈေးနှုန်းများကို တင်ပြပေးလိုက်ပါတယ်။ ဒေါ်လာစျေးနှုန်းတွေကို ကြည့်ရင်တော့ ခေတ်၊စနစ်၊နိုင်ငံရေး စတာတွေကိုခန့်မှန်းလို့ရပါတယ်။
၁၉၅၃ ခုနှစ်မှာ ၁ ဒေါ်လာ ၁ ကျပ်
၁၉၈၉ ခုနှစ်မှာ ၁ ဒေါ်လာ ၆၃ ကျပ်
၁၉၉၄ ခုနှစ်မှာ ၁ ဒေါ်လာ ၃၀၀ ကျပ်
၁၉၉၆ ခုနှစ်မှာ ၁ ဒေါ်လာ ၂၂၄ ကျပ်
၁၉၉၇ ခုနှစ်မှာ ၁ ဒေါ်လာ ၃၃၅ ကျပ်
၂၀၀၃ ခုနှစ်မှာ ၁ ဒေါ်လာ ၁၃၀၀ ကျပ်
၂၀၀၇ ခုနှစ်မှာ ၁ ဒေါ်လာ ၁၃၃၀ ကျပ်
၂၀၀၈ ခုနှစ်မှာ ၁ ဒေါ်လာ ၁၂၀၀ ကျပ်
၂၀၁၀ ခုနှစ်မှာ ၁ ဒေါ်လာ ၈၀၀ ကျပ်
၂၀၁၁ ခုနှစ်မှာ ၁ ဒေါ်လာ ၁၀၅၀ ကျပ်
၂၀၁၄ ခုနှစ်မှာ ၁ ဒေါ်လာ ၉၈၂ ကျပ်
၂၀၁၅ ခုနှစ်မှာ ၁ ဒေါ်လာ ၁၂၇၁ ကျပ်
၂၀၁၆ ခုနှစ်မှာ ၁ ဒေါ်လာ ၁၂၃၀ ကျပ်
၂၀၁၇ ခုနှစ်မှာ ၁ ဒေါ်လာ ၁၃၅၆ ကျပ်
၂၀၁၈ ခုနှစ်မှာ ၁ ဒေါ်လာ ၁၄၀၀ ကျပ်
၂၀၁၉ ခုနှစ်မှာ ၁ ဒေါ်လာ ၁၅၂၀ ကျပ်
၂၀၂၀ ခုနှစ်မှာ ၁ ဒေါ်လာ ၁၃၆၀ ကျပ်
၂၀၂၁ ခုနှစ်မှာ ၁ ဒေါ်လာ ၁၇၆၀ ကျပ်
၂၀၂၂ ခုနှစ်မှာ ၁ ဒေါ်လာ ၂၉၉၀ ကျပ်
၂၀၂၃ ခုနှစ်မှာ ၁ ဒေါ်လာ ၃၃၀၀ ကျပ်
၂၀၂၄ ခုနှစ်မှာ ၁ ဒေါ်လာ ၅၄၀၀ ကျပ်
၂၀၂၅ ခုနှစ်မှာ ၁ ဒေါ်လာ ?????????
လက်ရှိအခြေအနေအရ မြန်မာကျပ်ငွေဟာပြန်လည် ဦးမော့လာဖို့ထက် ဘယ်လောက်အထိ ဆက်နစ်မွန်းမလဲကိုပဲ ရင်တမမနဲ့ စောင့်ကြည့်နေရတဲ့ အခြေအနေပါ။
▪️ဘာကြောင့်ဒီလိုပြောရလဲဆိုရင် စားအုန်းဆီလို အခြေခံစားသောက်ကုန်ကအစ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ လောင်စာဆီအမျိုးမျိုးနဲ့ အခြားသောစိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး စတာတွေအပြင် နည်းပညာကဏ္ဍတွေမှာ အဓိကလိုအပ်တဲ့ အစိတ်အပိုင်းမှန်သမျှ ပြည်ပသွင်းကုန်ကိုပဲ အားကိုးနေရတဲ့နိုင်ငံတစ်ခုအနေနဲ့ နေ့စဉ်နဲ့အမျှ ဒေါ်လာလိုအပ်ချက်ဟာအင်မတန်ကြီးမားပါတယ်။
နိုင်ငံရေးအခြေအနေအရ ပို့ကုန်တွေကိုကန့်သတ်ထိန်းချုပ်ခံထားရတဲ့ အခြေအနေက မလွတ်မြောက်သရွေ့ ဒေါ်လာဝင်ငွေရရှိမှု နည်းပါးနေဦးမှာဖြစ်ပြီး တခြားတဘက်ကသွင်းကုန်ကဏ္ဍမှာတော့ စီးပွားရေးပိတ်ဆို့ခံထားရတဲ့နိုင်ငံတွေထံက ဝယ်ယူလို့မရတဲ့အခါ တစ်ချို့သွင်းကုန်တွေဟာ စရိတ်ပိုမိုမြင့်မားစွာသွင်းရပြီး ဒေါ်လာလိုအပ်ချက်ပုံမှန်ထက် ပိုကုန်ကျလိုအပ်နေမှာပဲဖြစ်ပါတယ်။
ဒေါ်လာဆိုတာ မြန်မာနိုင်ငံကပိုင်တဲ့ငွေကြေးမဟုတ်ပါဘူး။ ကိုယ်ပိုင်ရိုက်ထုတ်လို့ရတဲ့ ငွေစက္ကူကို ဘယ်လောက်ပဲ ပြည်တွင်းမှာ များစွာရိုက်ထုတ်နိုင်တယ်ဆိုပေမယ့် ပြည်ပသွင်းကုန်အတွက်လိုအပ်တဲ့ ဒေါ်လာရဖို့ဟာ စိန်ခေါ်မှုတွေအမြင့်ဆုံးအခြေနေကိုရောက်နေပါပြီ။ ဒေါ်လာလိုအပ်ချက်မြင့်လို့ ငွေစက္ကူ အသစ်တွေအများကြီးရိုက်ထုတ်ပြီး ဖြေရှင်းတဲ့ နည်းလမ်းလွဲမှားမှုနောက်မှာ ငွေကြေးဖောင်းပွမှုပါထပ်ဖြစ်တော့ ဒေါ်လာက ပိုဈေးတက်ဖြစ်ပြန်တာပေါ့။
▪️နောက်ထပ် ဒေါ်လာတက်ရတဲ့အကြောင်းရင်းတစ်ခုမှာ ပြည်တွင်းမတည်မငြိမ်မှုကြောင့် ဒေါ်လာရောင်းသူထက် ဝယ်ယူစုဆောင်းသူ (ပြည်တွင်းမှာစုမရရင် ပြည်ပမှာစု) ပိုများလာတာရယ်၊ ဒေါ်လာကဲ့သို့ ခိုင်မာတဲ့ ရွှေ ဝယ်မှုတွေ ပိုမိုများပြားလာခြင်းကလည်း တစ်ဖက်မှာမြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာပြီး ဒေါ်လာအတက်ဘက်ကိုဦးတည်သွားစေပါတယ်။
ဒါ့အပြင် အဓိကအကြောင်းရင်းတစ်ခုဖြစ်တဲ့ နိုင်ငံရဲ့မတည်ငြိမ်မှုတွေကြောင့် ပြည်တွင်း ထုတ်ကုန်ကဏ္ဍအားလုံးမှာ များစွာကျဆင်းလာပြီး ပြည်ပသွင်းကုန်အများစုအစားထိုးနေရာဝင်လာတာကြောင့် မြန်မာနိုင်ငံဟာ ပို့ကုန်တန်ဖိုးကကျ တစ်ဖက်မှာ သွင်းကုန်တန်ဖိုးကတက်ခြင်းသည် "မိအေးနှစ်ခါနာ" စီးပွားရေးနစ်နာမှုနဲ့ ကြုံနေကြရပါပြီ။
အခြေအနေအားလုံးကို ပြန်ခြုံကြည့်ရင် လက်ရှိတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေတစ်ခုကို မရောက်သရွေ့၊ စီမံခန့်ခွဲမှု အင်မတန်ညံ့ဖျင်းပြီး အဂတိလိုက်စားသူတွေ တိုင်းပြည်စီးပွားရေးကိုလက်ဝါးကြီးအုပ်နေသရွေ့ အလုံးစုံ ပျက်သုဉ်းတဲ့ မြန်မာ့စီးပွားရေးဆီကိုသာ ဦးတည်ဆက်သွားနေမှာပါ။
အခြေအနေအားလုံး ပြန်လည်ဦးမော့ဖို့ တစ်ခုတည်းသောအဖြေက••••
(အားလုံးသိပြီးသား ရင်ထဲကအဖြေပါပဲ)
နောက်တပတ် ဒေါ်လာ၊ ရွှေ၊ အိမ်ခြံမြေ၊ ကား နဲ့ အခြားဘာရင်းနှီးမြုပ်နှံသင့်လည်း ဆက်လက်မျှဝေပါမည်။
(မိတ်ဆွေတို့အတွက် ဒီ စာဖတ်ရင်း အကျိုးတစ်စုံတစ်ရာရှိတယ်ဆိုရင် Like & Share လုပ်ပေးပြီး YES လို့မန့်ခဲ့ပေးပါ)
U AUNG -LGTI

0 Comments:
Post a Comment