"လမ်းပျောက် ရှာနည်း"
▪️လူအများစုဟာ ကိုယ်လျှောက်နေတဲ့လမ်းမှာ အတားအဆီးတစ်ခုခုကြုံပြီဆို ဘာမှမလုပ်မကိုင်ချင်တော့ဘဲ ရှေ့ဆက်ချင်စိတ်တွေ မရှိဖြစ်တတ်ကြပါတယ်။ တချို့က ဒါကိုလမ်းပျောက်နေတယ် ဘယ်ဆက်သွားရမှန်း မသိလို့ ရပ်နေရတယ် စသဖြင့် ညည်းတွားပြောဆိုတတ်ကြပါတယ်။ ဒီအခြေအနေတွေကြုံတိုင်း မိမိတို့အနေနဲ့ လက်ရှိ ပကတိအခြေအနေကို လစ်လျုရှုတတ်ကြတာများပြီး စိတ်ပျက်အားငယ်မှုတွေက အထွတ်အထိပ်ကို ရောက်လာတတ်ကြပြီး ဘာမှမလုပ်ကြတော့ပဲ ထိုင်နေကြသူတွေများပါတယ်။ တကယ်တမ်းက ပကတိအခြေအနေကို လစ်လျုမပြုသင့်ပဲ စနစ်တကျ လေ့လာစမ်းစစ်မှုပြုလုပ်မယ်။
ဒီလိုကြုံနေသူတွေရှိရင် အကောင်းဆုံးနည်းလမ်းကတော့ မိမိရဲ့စိတ်ကို အတွေးတစ်ခုနဲ့ စတင်မောင်းနှင်ဖို့ လုပ်ပါ။ ပထမဆုံး စတင်တွေးရမှာက ငါ့ရဲ့ မူလပန်းတိုင်ကဘာလဲဆိုတာပဲ။ တကယ်တမ်းက အတားအဆီးတွေမရှိခင် မူလချထားတဲ့ ပန်းတိုင်ဆီ ကိုယ်လျှောက်နေတုန်းက သာသာယာယာ ဖြစ်ချင်ဖြစ်ခဲ့လိမ့်မယ်။ ဒါပေမယ့် အတားအဆီးက ပန်းတိုင်ကို ကွယ်ထားလိုက်ချိန်မှာတော့ ကိုယ့်ရဲ့ မျက်လုံးအစုံကို ပဝါထူထူစည်းပြီး လမ်းလျှောက်ရသလို ရှေ့ကိုဘာမှ မမြင်ရဘဲပန်းတိုင်ကွယ်သွားတဲ့ အခြေအနေမျိုးပါ။
▪️၁၉၉၃ ခုနှစ် ကျွန်တော်ကိုယ်တိုင် ဆယ်တန်းအောင်ပြီး လမ်းပျောက်ခဲ့ဖူးပါတယ်။ အဲဒီအရွယ်တုန်းက ကျွန်တော်ဖြစ်ချင်တဲ့ ဝါသနာတစ်ခုက ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ပါ။ ပြဿနာက ဆယ်တန်းအောင်တော့ RIT (Rangoon Institute of Technology) ၊ နောက်တော့ YIT(Yangon Institute of Technology) ၊ ယခုတော့ YTU (Yangon Technological University) ကိုတက်ဖို့ အမှတ်မမီခဲ့ပါဘူး။
ဒါပေမယ့် ကံကောင်းတယ်ပြောရမလားပဲ အဲဒီအချိန်က ဆယ်တန်းကို သိပ္ပံဘာသာတွဲနဲ့အောင်ရင် Associateship Government Technical Institute လို့ခေါ်တဲ့ AGTI ကို ဝင်ခွင့်နဲ့ ဖြေဆိုအောင်မြင်ပါက အင်ဂျင်နီယာတစ်ယောက် ဖြစ်နိုင်တဲ့အခွင့်အလမ်းရှိပါသေးတယ်။ AGTI ကတဆင့် အစိုးရနည်းပညာ ကောလိပ်/တက္ကသိုလ်တွေကိုဆက်လက်တက်ရောက်နိုင်တဲ့ အခြေအနေဆိုတော့ အဲဒီအချိန်မှာ သိပ္ပံဘာသာတွဲနဲ့အောင်မြင်ထားတဲ့ ကျွန်တော့်အဖို့ အင်ဂျင်နီယာလမ်းစပြန်ပေါ်လာခဲ့ပါတယ်။
▪️ဒါနဲ့ မိမိရွာနဲ့ အနီးဆုံးမြို့က GTI ကျောင်းရှိရာ နာမည်ကြီးကျူရှင်ဆရာကြီးတစ်ဦးထံမှာ GTI ဝင်ခွင့်ဖြေဖို့အတွက် အရင်ဆုံး အနီးကပ်ကျူရှင်တွေတက်ခဲ့ရပါတယ်။ ၃ လလောက် အင်ဂျင်နီယာဘာသာရပ်နဲ့သက်ဆိုင်တဲ့စာတွေ လေ့လာသင်ယူရင်း ဝင်ခွင့်ဖြေဆိုဖို့လည်း တဖြည်းဖြည်းနီးကပ်လာပါတယ်။ ဒီလိုနဲ့ ပုံမှန် ကျူရှင်ကျောင်းကို T-square လေးထမ်းရင်းတက်လာခဲ့ရာက တစ်နေ့ ကျူရှင်ကျောင်းအရောက်မှာတော့ ဘာသာရပ်သင်ဆရာကြီးက မျက်နှာမသာမယာနဲ့စီးကြိုတာတွေ့တော့ ဆရာကြီး ဘာများဖြစ်နေလဲ သိချင်စိတ်တွေဖြစ်မိတာပေါ့။ သင်တန်းသားတွေစုံတဲ့အခါမှာတော့ ဆရာကြီးက အားလုံးကိုစိတ်မကောင်းစွာနဲ့ပဲ သတင်းစကားတစ်ခုပြောပါတော့တယ်။
"သားတို့ သမီးတို့ရေ၊ ဒီမနက်ပဲ သတင်းစာမှာပါလာတယ် ၊ GTI လည်း အမှတ်နဲ့ပဲခေါ်တော့မယ်တဲ့၊ ဝင်ခွင့် Entrance မရှိတော့ဘူးတဲ့၊ အဲဒါကြောင့် မင်းတို့အားလုံးအတွက် ဆရာကြီး လုံးဝစိတ်မကောင်းပါဘူးကွာ" ဆိုပြီး ပြောလိုက်ချိန်မှာ စာဖတ်သူတွေ စဉ်းစားကြည့်ပါအုံး။ အဲဒီအချိန် ကျွန်တော်တို့ သင်တန်းသားအားလုံး ဘယ်လိုပုံစံဖြစ်သွားကြလိမ့်မယ်ဆိုတာ။ အသက်ကလည်းငယ်သေးတယ် ရှက်တတ်ကြတဲ့အရွယ်တွေလည်းဖြစ်တော့ ငိုမဲ့ငိုမဲ့လေးတွေနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြရင်းပေါ့။ အဲဒီအချိန်က ကျွန်တော်လည်း ရွာကို ဘယ်လိုမျက်နှာနဲ့ပြန်ရမလဲဆိုတာပဲ ချက်ချင်းခေါင်းထဲပေါ်လာပြီး ရှက်နေမိခဲ့တယ်။ ဒါပေမယ့် ဘာတတ်နိုင်တော့မှာလဲ လွယ်အိတ်လေးပြန်ကောက်ကိုင် T-square လေးထမ်းပြီး ရွာပြန်ခဲ့ရတာပေါ့။
▪️ဒီနေရာမှာ ပြောချင်တာက လူငယ်တစ်ယောက်အဖို့ တော်တော်စိတ်ဓာတ်ကျချင်စရာ၊ ပြိုလဲချင်စရာအခြေအနေပါပဲ။ မိသားစုကတော့ မိမိဖြစ်ချင်တာမှန်သမျှ ပံ့ပိုးပေးနိုင်ပြန်ပေမယ့် အခြေအနေက အခွင့်မပေးခဲ့ပါဘူး။ ဘာဆက်လုပ်မလဲ ရတဲ့မေဂျာယူပြီး ဘွဲ့တစ်ခုရဖို့ ကောလိပ်ဆက်တက်ရုံကလွဲပြီး အဖြေကရွေးစရာသိပ်မရှိဘူး။ ဒါနဲ့ ကောလိပ်တစ်ခုမှာ ရုက္ခဗေဒ (Botany) ဘာသာရပ်ကိုရရှိခဲ့တယ်။ ကျောင်းတက်လို့တစ်နှစ်တောင်မပြည့်သေး ပထမနှစ် စာမေးပွဲကို ကတိုက်ကရိုက်ဖြေခိုင်းပြီးကောလိပ်ကျောင်းတွေကို အကန့်အသတ်မရှိပိတ်လိုက်ကြောင်း အစိုးရကကြေညာပါတော့တယ်။
ကောလိပ်ကျောင်းသားတစ်ယောက် ပထမနှစ်နဲ့ ဘာဆက်လုပ်ရမှန်းမသိထပ်ဖြစ်ရပြန်တယ်၊ ဒီထက် လမ်းပျောက်စရာ ဘာများရှိအုံးမလဲ။ ဒါကြီးကပဲ ကံကောင်းတယ်ပြောရမလားမသိပြန်ဘူး ပညာရေး တစ်ပိုင်းတစ်စဖြစ်နေချိန်မှာပဲ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ စင်္ကာပူနိုင်ငံကို အလုပ်လုပ်ဖို့ရောက်ရှိသွားပါတော့တယ်။ ဘာပဲဖြစ်ဖြစ် အင်ဂျင်နီယာမဖြစ်ပေမယ့် နိုင်ငံခြားမှာ ဆောက်လုပ်ရေးလုပ်သားဖြစ်သွားခဲ့ရတယ်။
အတိုချုပ်ပြောရရင် ၄ နှစ်နီးပါးဆောက်လုပ်ရေးနဲ့ ကုပ္မဏီလုပ်ငန်းအတွေ့အကြုံကြောင့် Site Survey, Site Drawing စတဲ့ Civil engineering အပါအဝင် M&E အလုပ်တွေ၊ Drawing ကြည့်တာတွေကို လက်တွေ့ကျကျတော်တော်နားလည်လာခဲ့ရပါတယ်။ မြန်မာပြည်ပြန်ရောက်တဲ့အခါ ကိုယ်ပိုင် နေအိမ်၊ စက်ရုံ /အလုပ်ရုံ /ဂိုထောင် အစရှိတာတွေကို ကိုယ်တိုင်စိတ်ကြိုက် စီစဉ်ဆောက်လုပ်နိုင်သလို နောက်ပိုင်းမှာ အင်ဂျင်နီယာတစ်ဦးမဖြစ်ခဲ့ပေမယ့် ဆောက်လုပ်ရေးကုပ္မဏီတစ်ခုရဲ့ ဒါရိုက်တာတစ်ဦးတော့ ဖြစ်လာခဲ့ပါတယ်။
▪️ဘာကြောင့်ဒီအကြောင်းတွေပြောနေရလည်းဆိုရင် တချိန်က မိတ်ဆွေတို့လိုပဲ လမ်းပျောက်နေတယ်ဆိုတဲ့ ခံစားချက်မျိုး ကိုယ်တိုင်ဖြစ်ခဲ့ဖူးသူတစ်ယောက်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းမှတ်တမ်းမို့ ခံစားချက်တူသူတွေအတွက် ခွန်အားဖြစ်စေဖို့ပါ။ အခက်အခဲဆိုတာ ဖြစ်စဉ်မတူပေမယ့် ပေါင်ပေါ်ကျတဲ့မီးခဲလိုပါပဲ။ ကိုယ့်ပေါ်ပေါ်ကျတဲ့ မီးခဲကမှ ပူတယ်ဆိုတာထက် ဘယ်ပေါ်ပဲကျကျ မီးခဲဟာပူတတ်တာမျိုးဆိုတာပါပဲ။
ဒါကြောင့် ဒီနေရာမှာ အထူးသဖြင့် လူငယ်တွေကိုမျှဝေလိုတာက အခုလို လမ်းပျောက်သလို အခြေအနေမျိုး ကြုံတွေ့ခံစားလာရရင် ကိုယ့်ရဲ့ မူလပန်းတိုင်ကိုသာ လုံးဝမပျောက်စေနဲ့။ အတားအဆီးက ကွယ်ထားရင်တောင် မိမိရဲ့ စိတ်မှာ ၊အတွေးမှာ၊ ယုံကြည်ချက်မှာ ပန်းတိုင်မပျောက်ဖို့ အထူးအရေးကြီးလှပါတယ်။
"အောင်မြင်ဖို့ကြိုးစားခွင့်ဆိုတာ တစ်ကြိမ်မကရှိတာ မမေ့ပါနဲ့"။
မအောင်မြင်ခဲ့တဲ့အကြိမ် ၁ ထောင်ကိုတွေးပြီး စိတ်ပျက်နေမယ့်အစား အောင်မြင်နိုင်မယ့် ၁ ကြိမ်ကိုတွေးပြီး စိတ်ခွန်အားယူပါ။ မပေးတဲ့အခြေအနေကို တမ်းတမနေပဲ ရလာတဲ့အခြေအနေကို အခွင့်အလမ်းအဖြစ် အမိအရ အသုံးချတတ်ဖို့အထူးအရေးကြီးပါတယ်။ အခွင့်အလမ်းကို ထိုင်စောင့်မနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို အချက်အကျကျစဥ်ဆက်မပြတ်သာလုပ်ကိုင်သွားရင် တစ်နေ့ လိုရာပန်းတိုင်ရောက်မှာပါ။
▪️တကယ်တော့ ကျွန်တော်လည်း လမ်းပျောက်ခဲ့တာမဟုတ်ပါဘူး။ အခြေအနေ အချိန်အခါနဲ့ အဖြစ်အပျက်တွေကို ရင်ဆိုင်ခဲ့ရရုံပါပဲ။ ကျွန်တော်သာ အဲဒီလမ်းမှာ ပိတ်နေလို့ဆိုပြီး ရပ်နေခဲ့ရင်တော့ ကောလိပ်ကျောင်းလည်းမတက်ဖြစ် ၊ နိုင်ငံခြားလည်းမရောက်ဖြစ်တော့ပဲ အင်ဂျင်နီယာအလုပ်တွေလည်း ကျွန်တော်ဝေးပြီပေါ့။ အဓိကက လုပ်သင့်လုပ်ထိုက်တာကို မရပ်မနားလုပ်ကိုင်ခဲ့သလို တစ်ကြိမ်မအောင်မြင်ရုံနဲ့ လက်မလျှော့တတ်တဲ့ မိမိရဲ့ယုံကြည်ချက်ကပဲ လမ်းပေါ်မှာ ပိတ်နေတဲ့အတားအဆီးတွေကို ဖယ်ရှားပေးပြီး ပျောက်နေတဲ့ သို့မဟုတ် ဝေဝါးနေတဲ့ လမ်းပြန်တွေ့ခဲ့ရတာပါ။
"ပျောက်နေတဲ့လမ်းတွေ အမြန်ဆုံးပြန်လည်တွေ့ရှိနိုင်ကြပါစေ"။
U AUNG -LGTI

0 Comments:
Post a Comment