"မြန်မာ့စီးပွားရေး ဘယ်တော့ ဦးမော့မလဲ"
မြန်မာ့စီးပွားရေးကို စိုးရိမ်ချက်တွေ အများကြီးရှိပေမယ့် စိတ်မကောင်းစရာတွေဘဲ ပြောတာမျိုးမဖြစ်ချင်လို့ အကုန်မပြောခဲ့ဘူး။ စိတ်ချမ်းသာစရာကလည်း ဘာမှပြောစရာမရှိဖြစ်ရတယ်။ ဒါပေမယ့် စာကို ဆုံးအောင်ဖတ်ရင်တော့ မိတ်ဆွေအားတက်သွားမှာပါ။
အခုရက် ဒေါ်လာဈေးကျပြီး ကုန်ဈေးနှုန်းမကျကတည်းက မြန်မာ့စီးပွားရေးမှာ သတိပြုသင့်စရာတွေရှိလာပါတယ်။ ဒေါ်လာဈေး၊ ရွှေဈေး အကြောင်းတွေပြောလို့ ဒေါ်လာသမား ရွှေသမားလို့ အထင်ကြီးရင် တက်တက်စင်အောင်လွဲကြပါလိမ့်မယ်။
ဒီအကြောင်းတွေ ထည့်သာပြောရတာ စာရေးသူကျွန်တော့်လက်ထဲမှာလည်း ဒေါ်လာတစ်ရွက်မှမရှိသလို၊ ရွှေကလည်း ဇာတာအရလားမသိ စာရေးသူနဲ့ သိပ်မတည့်လို့ ကိုယ့်ဆီလည်းမလာပါဘူး။
တချို့က ဒေါ်လာဈေးအတက်အကျကို စီးပွားရေးအမြင်တစ်ခုတည်းနဲ့ သုံးသပ်နေကြသလို အခြားနိုင်ငံကြီးတွေရဲ့ စီးပွားရေးအကျပ်အတည်းတွေနဲ့ နှိုင်းယှဉ်ပြီး သုံးသပ်နေကြတာတွေ တွေ့နေရပါတယ်။
မြန်မာ့စီးပွားရေးကို သုံးသပ်မယ်ဆိုရင် မဖြစ်မနေ "မြန်မာ့နိုင်ငံရေး" ကို ထည့်သွင်းစဉ်းစားမှ လက်တွေ့ကျပါလိမ့်မယ်။ အထူးသဖြင့် ပြည်တွင်းစစ်ပွဲတွေကိုထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ မိမိတို့နှိုင်းယှဉ်သုံးသပ်နေတဲ့ နိုင်ငံကြီးတွေမှာ မြန်မာပြည်လို ပြည်တွင်းစစ်ပွဲမျိုးတွေ ဖြစ်နေတဲ့နိုင်ငံတွေ ဟုတ်ရဲ့လားဆိုတာကြည့်ပါ။
ပုံမှန် အခြားစီးပွားရေးပယောဂတွေဆိုရင်တောင် စီးပွားရေးအမြင်တွေနဲ့ ကျော်လွှားနိုင်မှာဖြစ်ပေမယ့် မြန်မာပြည်လို သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ပွဲတွေကနေ အခြေအနေအဆိုးဆုံး ပြည်တွင်းစစ်ကြီးဖြစ်နေတဲ့ နိုင်ငံရဲ့ စီးပွားရေးကို ဘယ်လို စီးပွားရေးပညာရှင်မဆို ဒါကို ထည့်တွက်စဉ်းစားကြရပါတယ်။
ပထမဆုံး ဒေါ်လာဈေး ဘာကြောင့်တက်လဲလေ့လာကြည့်ရင် အဖြေက အမြင်သာကြီးပါ။ ပတ်ဝန်းကျင်နိုင်ငံတွေက အဘက်လုပ်ဆက်ဆံမခံရတဲ့စီးပွားရေး ကိုယ့်ပစ္စည်းလည်းမဝယ်ဘူး၊ သူတို့ပစ္စည်းလည်းမရောင်းချင်ဘူးဆိုပြီး ပတ်ဝန်းကျင်ရဲ့ဖယ်ကြဥ်မှုကို ခံနေရတဲ့အခြေအနေ၊ တစ်ဘက်မှာတော့ ကိုယ်ပြည်တွင်းမှာပဲရှိတာနဲ့ ဖူလုံအောင် နေထိုင်စားသောက်မယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ယူဆတွေရှိပေမယ့် တကယ့်လက်တွေ့မှာတော့ အရာရာဟာ သွင်းကုန်တွေကိုပဲ အစားထိုးနေကြတာ တွေ့ကြမှာပါ။
မနက်မိုးလင်း မျက်လုံးနှစ်လုံးပွင့်ချိန်ကနေ မျက်လုံး နှစ်လုံးပိတ်တဲ့အချိန်ထိ ဘယ်နေရာမှာများ သွင်းကုန်တွေနဲ့ လွတ်ကင်းတာရှိခဲ့လဲ။ ဒါတွေအားလုံးဟာ ကျပ်ငွေစက္ကူတွေနဲ့ တခုမှဝယ်လို့ရတာမဟုတ်ဘူး၊ ဒေါ်လာ ဘတ် ယွမ် ရူပီး ဒါတွေနဲ့ပေးဝယ်ရတာတွေ မဟုတ်ဘူးလား။ ဒေါ်လာသာမကိုင်ရတာ စားဝတ်နေရေး ဒီကဏ္ဍသုံးခုလုံးမှာ ဘယ်နေရာမှာများ ဒေါ်လာနဲ့လွတ်တာရှိလဲ။ မိတ်ဆွေတို့ ကြက်ဥဈေးဘာလို့ကြီးလဲ၊ ရေကန်ထဲက ကန်စွန်းရွက်ဈေးနဲ့ ခြံစည်းရိုးက ချဉ်ပေါင် ဘာဖြစ်လို့ ဈေးတက်ရတာလည်း အဲဒီလောက်အထိ "မအ" ကြသင့်တော့ဘူးလို့မြင်ပါတယ်။
ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းပြည်တစ်ခုရဲ့ စီးပွားရေးဟာ ဦးမော့တယ်လို့ပြောရလောက်အောင် ကျွန်တော်တော့ မရူးသေးပါဘူး။ အခြေအနေအမှန်ကို လက်ခံတတ်မှ မြင်မှ ကောင်းကောင်းဖြေရှင်းနိုင်မှာပါ။ ပကတိအခြေအနေမှန်ကို မသိချင်ယောင်ဆောင်ပြီး "ငါ့စကား နွားရ" ပြောနေသရွေ့ ပိုမိုဆိုးရွားတဲ့အရွေ့ကို ဆက်သွားနေဦးမှာပါ။
ဒေါ်လာဈေးကျတော့ တချို့ကမေးတယ် ဘာဆက်ဖြစ်မလဲတဲ့။ အခုက ကျတာလို့မပြောနိုင်သေးဘူး စောင့်ကြည့်ရမယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ဆန်နဲ့ ပဲမျိုးစုံပို့ကုန်ဝင်ငွေတချို့ ဝင်လာတာရယ်၊ ဗဟိုဘဏ်က ဒေါ်လာအနည်းငယ်ထုတ်ရောင်းပေးလိုက်တဲ့သတင်းရယ်၊ သွင်းကုန်တချို့ထိန်းချုပ်လိုက်လို့ ဒေါ်လာလိုအပ်ချက်နည်းသွားတာရယ်၊ ကမ္ဘာ့ရွှေက တက်တော့ ဒေါ်လာက ကမ္ဘာ့ဈေးကွက်အကျရယ်၊ စီးပွားရေးသမားက အကျဆို ဘယ်လောက်အထိကျမလဲဆိုပြီး စောင့်ကြည့်တတ်တာရယ် ဒါတွေအကြောင်းစုံချိန် ကျတယ်လို့မြင်မိကြောင်း၊ နောက်ထပ်ဖြစ်နိုင်ခြေနည်းတာတစ်ခုကတော့ ဘဏ်အတိုးနှုန်းမြင့်တာရယ် ရွှေအခွန်တိုးတာရယ်၊ ဒေါ်လာ ရွှေအရောင်းအဝယ်သမားတွေကို စောင့်ကြည့်တာရယ်ကို နောက်ဆက်တွဲ ဘာဖြစ်မလဲလို့ ခဏစောင့်ကြည့်ကြတဲ့သဘောမြင်မိကြောင်းဖြေခဲ့ပါတယ်။
တချို့ကလည်း ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းပေးလို့၊ ဘဏ်အတိုးနှုန်းမြှင့်လိုက်လို့ စသဖြင့်ယူဆကြတာ တကယ်ပြန်စဉ်းစားကြည့်ပါ ဒါတွေဟာ ဆေးမီးတိုတွေပါ။ ဒီအချိန် နိုင်ငံရေးကို အရင်တည်ငြိမ်အောင်မလုပ်ဘဲ မြန်မာ့စီးပွားရေးပြဿနာကို ဘယ်လိုနည်းနဲ့ဖြေရှင်းလိုက်မယ်ဆိုတာမျိုး ကမ္ဘာပေါ်က ဘယ်စီးပွားရေးပညာရှင်မပြောနဲ့ သကြားမင်းခေါ်ဆင်းပြီးရှင်းခိုင်းတောင် မဖြစ်နိုင်ဘူးဆိုတာ ရဲရဲပြောရဲပါတယ်။
ဒါဆိုပြန်တက်နိုင်လားတဲ့။ သိပ်သေချာတာပေါ့လို့ ရင်နာနာနဲ့ ဖြေလိုက်ရတာ။ ကိုယ်တိုင်က မြန်မာငွေကြေးလေးနဲ့ လည်ပတ်အလုပ်လုပ်ရတာ ၁ ဒေါ်လာ ၁ ကျပ်ဖြစ်ဖို့ဆုတောင်းမိတာ စာရေးသူထိပ်ဆုံးကပါ။ ဒါပေမယ့် တကယ်တမ်း ၁ ဒေါ်လာ ၂ ထောင်ပြန်ဖြစ်ဖို့ထက် ၁ ဒေါ်လာ ဘယ်လောက်အထိတက်သွားမလဲပဲ နေ့စဉ် နှလုံးရောဂါအဖြစ်ခံ လေ့လာနေရတဲ့ဘဝပါ။
**အစိုးရိမ်ဆုံးတချက်ကို မပြောမဖြစ်ပြောရရင် အခုဒေါ်လာဈေးအကျမှာ ဘာဖြစ်လို့ ကုန်ဈေးနှုန်းမကျတာလဲ**
တကယ်သာ ဒေါ်လာပေါပေါများများရှိလို့ကျတယ်ဆို ကုန်ဈေးနှုန်းတွေအတွဲလိုက်ကျကြမှာပါ။ တချို့က အမြင့်ဈေးနဲ့ကိုင်ထားတာဆိုပေမယ့် နောက်ထပ်ဝယ်ရရင် ဈေးချရောင်းကြမှာပဲ၊ အခုက ထပ်ပြီးဝယ်ဖို့ အခက်အခဲရှိပုံရလို့ ထိမ်းရောင်းကြတာမျိုးက ပိုဖြစ်နိုင်တယ်။ အခုက သွင်းကုန်ပိတ်စို့နည်းနဲ့ အမှန်တကယ်ဖြေရှင်းတာဆိုရင် ပြည်တွင်းမှာ သွင်းကုန်တွေမကြာခင် ရှားပါးပြတ်လတ်သွားမှာ စိုးရိမ်မိပါတယ်။ အထူးသဖြင့် စားဆီ၊ လောင်စာဆီ၊ ဆေးဝါး စတာတွေဟာ နေ့စဉ်မရှိမဖြစ်အခြေခံလိုအပ်ချက်တွေဖြစ်လို့ပါ။
ဒီကြားထဲ ရာသီဥတုသဘာဝဘေးတွေကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဟာ ဒီနှစ်ထဲ ၂ ကြိမ်ရှိထားသလို စိုက်ပျိုးရေးကဏ္ဍမှာထိခိုက်စေပြီး တချို့ဥပဒေတွေကြောင့် အခြားကုန်ထုတ်မှုကဏ္ဍတွေမှာလည်း များစွာ ထိခိုက်လာတာကြောင့် ၂၀၂၅ ရဲ့ စီးပွားရေးအလားအလာဟာ သိပ်ပြီး မမျှော်လင့်နိုင်ပါဘူး။
ဒါတွေပြန်လည်ကောင်းမွန်လာဖို့ အဖြေပြောပါဆိုရင် ပြည်တွင်းစစ်တွေအဆုံးသတ်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းတဲ့ အခြေအနေကို အမြန်ဆုံးရောက်မှသာ ပုံမှန်စီးပွားရေးအခြေအနေတစ်ခုကို ရောက်မယ်ဆိုတဲ့အဖြေကလွဲပြီး လတ်တလောပြောစရာအဖြေမရှိပါဘူး။
ဝမ်းသာစရာတစ်ခုကတော့ တိုင်းပြည်ကျန်းမာလာတဲ့တနေ့မှာ ကျနော်တို့ဟာ လက်ရှိထက် စီးပွားရေးတွေ ၂ စ ဦးမော့လာလိမ့်မယ်လို့တော့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ "အဆိုးဆုံးစီးပွားရေးကို ဖြတ်ကျော်လာခဲ့တဲ့ အတွေ့အကြုံကောင်းတွေက အကောင်းဆုံး စီးပွားရေးဖန်တီးနိုင်ဖို့ ခွန်အားတွေ" ဖြစ်ခဲ့လို့ပါပဲ။
U AUNG -LGTI
#UAung
#quotes
#article
#အတွေးစာစုများ
#business

0 Comments:
Post a Comment