"သဘာဝဘေးကို တာဝန်ရှိသူတွေဝတ်ကျေတမ်းကျေ သတင်းထုတ်ပြန်မှု ထက်ပိုစေချင်မိပါတယ်"
အခုရက်ပိုင်း ဖြစ်ပေါ်တဲ့သဘာဝဘေးတွေကို စိတ်မသက်မသာအလွန်ဖြစ်လို့ ဒီစာကို အခုလိုရေးချင်စိတ်ဖြစ်ပေါ်ခဲ့တာပါ။ အခုအချိန်မှာ "ကျွဲပါးစောင်းတီး" လို့လည်း အပြောခံရနိုင်တာ သိပါတယ်။ ဒါပေမယ့် အခုအချိန် အသုံးမတည့်ရင်တောင် နောင်တချိန်အတွက် လိုအပ်ရင် သုံးဖို့ရေးသားလိုက်ရတာပါ။
ပထမဆုံးအနေနဲ့ သတိပေးချက်လေးနဲ့ စတင်ချင်ပါတယ်။ ယခုလကုန်အထိမပေါ့စကြပါနဲ့ သဘာဝဘေးကို လကုန်အထိ ကျွန်တော်တို့ ပေါ့စလို့မရဘူးလို့ မိုးဇလဘက်က သတိပေးပြောတာ နားထောင်လိုက်ရပါတယ်။ ၂၀ ရက်ဝန်းကျင် မိုးပြန်ရွာနိုင်ပေမယ့် အခုလိုမိုးမများနိုင်ဘူးလို့တော့ဆိုပါတယ်။ ဒါပေမယ့် ရေလှောင်ဆည်တွေ၊ မြစ် ချောင်း မြောင်းတွေအားလုံးမှာ ရေခံရှိထားတဲ့အတွက် ဂရုစိုက်သင့်ပါတယ်။
အထူးသဖြင့် မုတ်သုံအထွက်မှာ မုန်တိုင်းအန္တရာယ်ကလည်း အောက်တိုဘာအထိ စောင့်ကြည့်ရမယ့်ကာလဖြစ်ပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ကတော့ နှစ် ၅၀ အတွင်း သဘာဝဘေးအန္တရာယ်ဟာ ကမ္ဘာကြီးမှာ ၅ စပိုလာတယ်လို့ ဆိုထားကြပါတယ်။
ဒီနေရာမှာ ခေါင်းစဉ်အကြောင်းအရာကို ပြောချင်တာ အခုမှစပါပြီ။ အခုလို သဘာဝဘေးတွေ ဖြစ်ပြီးမှပြောရတာဆိုပေမယ့် အချိန်မနှောင်းသေးသလို အနာဂတ်အတွက် စဉ်စားမိသမျှပါ။ နောက်တခုက အနာဂတ်မှာ သဘာဝဘေးအန္တရာယ်နဲ့ဆိုင်တဲ့ ကဏ္ဍကို ပြည်သူလည်းအလေးထား၊ အုပ်ချုပ်သူတွေလည်း ဂရုတစိုက်ရှိဖို့နဲ့ အရေးကြီးတဲ့ ကဏ္ဍတစ်ခုအဖြစ် မီးမောင်းထိုးပြချင်တာပါ။
သဘာဝဘေးဒဏ်ကို ကျွန်တော်တို့ပြည်သူတွေဟာ ခေတ်အဆက်ဆက်မှာ အလူးအလဲခံခဲ့ကြဖူးပါတယ်။ ဒါပေမယ့် သဘာဝဘေးထက်ဆိုးတဲ့ အခြားဘေးတွေကိုလည်း ရင်ဆိုင်လာခဲ့ကြရတဲ့အခါ ပြည်သူတွေခမျာ သဘာဝဘေးကို အထူးဂရုမပြုနိုင်ကြပါဘူး။
တဘက်မှာလည်း ခေတ်အဆက်ဆက် သဘာဝဘေးနဲ့ တာဝန်ရှိတဲ့ ဌာနဆိုတာတွေကလည်း တစ်နှစ်တစ်ခါ သဘာဝဘေးဖြစ်မှ ပြည်သူက သတိရလောက်တဲ့ အဆင့်ဖြစ်အောင် ပြည်သူကိုမစည်းရုံးနိုင်ခဲ့ကြတာ မေးခွန်းရှိလာပါတယ်။
တည့်တည့်ပြောရရင် "ဝတ်ကျေတမ်းကျေ သတင်းထုတ်ပြန်မှု" ထက်ပိုစေချင်မိပါတယ်။ သဘာဝဘေးနဲ့ ပတ်သက်လို့ ပညာရှင်တစ်ယောက်မဟုတ်တဲ့အတွက် ပညာရပ်ဆိုင်ရာတွေကို ထောက်မပြတတ်ပေမယ့် သာမာန် ပြည်သူတစ်ယောက်အနေနဲ့ စိတ်ကူးမိသမျှ ပြောချင်ပါတယ်။ သဘာဝဘေးက ကြိုပြောလို့ရတာမဟုတ်ဘူးဆိုတာ လက်ခံပေမယ့် အနီးစပ်ဆုံး ကြိုတင်ခန့်မှန်းနိုင်တာတွေ ကြိုတင်ပြင်ဆင်စရာတွေ လုပ်ဆောင်လို့ရပါတယ်။
ဥပမာ သဘာဝဘေးနဲ့ဆိုင်တဲ့ တာဝန်ရှိသူ
တွေကို မေးခွန်းလေးတွေ တကယ်မသိလို့ မေးပါရစေ။
၁/ ရွာသွန်းနိုင်တဲ့ မိုးရေချိန်ပမာဏကို ခန့်မှန်းတွက်ချက်ပြီး ဒေသအလိုက်ရှိတဲ့ ရေလှောင်ဆည်တွေ၊ မြစ် ချောင်း မြောင်းတွေရဲ့ရေအခံကို ခန့်မှန်းတွက်ချက်ပြီး လျှံထွက်လာနိုင်ခြေရှိတဲ့ ရေပမာဏ၊ ရေသွားရာလမ်းကြောင်း စတာတွေကို တကယ်လုပ်ရင် မသိနိုင်တာလား
၂/နောက်တစ်ခုက မြေပြိုမယ်မပြိုဘူးက အတိအကျမပြောနိုင်ဘူးဆိုပေမယ့် မိုးရေချိန်ကလည်း များနိုင်မယ် အဲဒီနေရာက တောင်တွေရဲ့ Soil test မှာ ရေထုထည်ခံနိုင်ရေအား မိုးရေချိန်ခံနိုင်ရေအား အတိအကျမဆိုလိုပါဘူး ခန့်မှန်းတွက်ချက်ပြီး မြေပြိုနိုင်ခြေကို အနီးစပ်ဆုံးထုတ်ပြန်လို့မရနိုင်တာလား
၃/ မြို့နယ်တိုင်းမှာ ရှိတဲ့ မိုးဇလက မိုးရွာ/မရွာနဲ့ မိုးရေချိန်ခန့်မှန်းနိုင်သလို ဆည်မြောင်းနဲ့ ရေအရင်းအမြစ် တာဝန်ရှိသူတွေဘက်ကလည်း ကိုယ့်ဒေသအလိုက်မှာရှိတဲ့ ဆည်တွေရဲ့ ရေလှောင်ပမာဏ၊ ရေလျှံထွက်လာနိုင်မယ့် ရေထုထည်စတာတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်တွက်ချက်ပြီး မြို့နယ်အလိုက် ကိုယ့်ပြည်သူတွေကို ဘယ်ဆည်ကတော့ ရေဘယ်လောက်လျှံနိုင်မယ် ၊ ဘယ်ဘက်ကို စီးဆင်းနိုင်မယ် ဘာတွေပြင်ဆင်ထားပါ၊ ဘယ်လိုရှောင်ကြပါ စသဖြင့် တင်းတင်းကြပ်ကြပ် ထိထိရောက်ရောက်သတိပေးထုတ်ပြန်တာမျိုး လုပ်လို့မရတာလား (အဲဒီလိုလုပ်တာ ကျွန်တော်မတွေ့တာဆို သက်ဆိုင်ရာ ဌာနတွေအတွက် ဂုဏ်ယူပါတယ်ခင်ဗျာ)
၄/ မြို့နယ်တိုင်းက သဘာဝဘေးနဲ့ပတ်သက်တဲ့ဌာနတွေအနေနဲ့ ယခုရက်ပိုင်း ဒီလိုမိုးများရင်၊ ဒီလိုရေလျှံရင်၊ ဒီလို မြေပြိုရင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဘယ်လိုကာကွယ်မယ်ဆိုတဲ့ ထိရောက်တဲ့ အစီအမံမျိုးလုပ်ခဲ့သေးလား တကယ်မသိလို့မေးတယ်မှတ်ပါ။
(အခုက လူမှုရေးပရဟိတကယ်ဆယ်ရေးအဖွဲ့တွေ အားကောင်းလို့သာ ဆုံးရှုံးမှုသက်သာတယ်ပြောရမယ်)
၅/ မြို့နယ်တိုင်းက သဘာဝဘေးနဲ့ဆိုင်တဲ့ မိုးဇလ၊ ရေအရင်းအမြစ်၊ ဆည်မြောင်း အပါအဝင် အခြားသက်ဆိုင်ရာဌာနတွေက သတင်းအချက် ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်ထိထိရောက်ရောက်လုပ်ကြလဲ( ဘေးစီမံ ကော်မတီဖွဲ့တယ်လောက် ပြန်မပြောနဲ့ ရိုးဟိုးနေပါပြီ)
ဒီနေရာမှာ မေးမယ့်သာမေးရတာ နိုင်ငံရေး အခြေအနေတွေကြောင့်လို့ ဆင်ခြေပေးရင်ပေးဦးမှာ။ အခုအချိန်မှာ ဒါတွေစီမံဖို့ထက် အရေးကြီးတာတွေ အရင်လုပ်ရမယ်ဆိုတာ စာရေးသူနားလည်ပါတယ်။ အခုမေးတဲ့ မေးခွန်းတွေဟာ အခုဖြေရင်လည်း နောက်ထပ် သဘာဝဘေးအန္တရာယ်တွေကို အကောင်းဆုံးတုံ့ပြန်နိုင်မလားလို့ပါ။
တိုင်းပြည်ကျန်းမာမှ လုပ်မယ်ဆိုလည်း အနာဂတ်အတွက် စိတ်အေးရတာပေါ့။
အခုမေးခွန်းတွေ လုပ်လို့ရရင်လည်း လုပ်ကြည့်ကြပေါ့၊ လုပ်လို့မရရင်လည်း ဘာကြောင့်တော့ သိချင်သား။ ဂျပန်နိုင်ငံဟာ မုန်တိုင်းမျိုးစုံ နှစ်စဉ်ဝင်တဲ့ ကျွန်းနိုင်ငံတစ်ခုပါ။ ဂျပန်မှာသာ မြန်မာပြည်က သဘာဝဘေးစီမံဌာနမျိုးဆိုလို့ကတော့ အခုလောက်ဆို ဂျပန်နိုင်ငံတောင် ပင်လယ်အောက်ရောက်လောက်ပါတယ်။ ဂျပန်ဟာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်တောင် ထမင်းစားရေသောက် တုံ့ပြန်နိုင်ပါတယ်။ အရမ်းဆိုးဝါးတဲ့ ခန့်မှန်းရခက်တဲ့ ဆူနာမီလို ရေအောက်ငလျင်တွေပါလာမှသာ အရမ်းထိခိုက်တာမျိုးပါ။
ဆိုတော့ကာ အဆုံးသတ်ရရင် "တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည်" ဆိုသလို တိုင်းပြည်အပေါ် အစိုးရချင်ရင် ဒီလို အစိုးမရတာတွေကို စီမံနိုင်ဖို့၊ ပြည်သူအပေါ် စေတနာမှန်ဖို့က နံပတ် ၁ ဖြစ်ပါတယ်။
ဒါကြောင့် သဘာဝဘေးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေ အမြဲနိုးကြားပြီး လိုအပ်တဲ့အသိပညာ ဗဟုသုတနဲ့ စိတ်ဝင်စားတဲ့ ကဏ္ဍမျိုးဖြစ်ဖို့၊
ဘယ်လိုကြေညာချက် သတင်းထုတ်ပြန်မှုတွေမဆို အထူးသဖြင့် သဘာဝဘေးတွေနဲ့ဆိုင်ရာမှာ ဝတ်ကျေတမ်းကျေ သတင်းထုတ်ပြန်မှု ထက်ပိုတဲ့ တာဝန်ယူတာဝန်ခံမှု၊ စေတနာမှန်မှုတွေ ပေါင်းထည့်ပေးစေချင်ကြောင်းပါခင်ဗျာ။
U AUNG -LGTI

0 Comments:
Post a Comment