"စိတ်ဆိုးပြေပါတော့ သဘာဝကြီးရေ"
သဘာဝကြီးရေ•••
မင်းစိတ်ဆိုးနေတာငါသိပါတယ်
မင်းကို ငါတို့အပူချိန်တွေ အရမ်းမြင့်အောင် သစ်ပင်သစ်တောတွေ ပြုန်းတီးစေခဲ့ပါတယ်။ နောက် မင်းရဲ့မြေဆီလွှာတွေကို ဓာတုဆေးဝါးတွေနဲ့ ငါတို့အများကြီး ပျက်စီးစေခဲ့ပါတယ်။
မင်းဖန်တီးထားတဲ့ သဘာဝတောင်တန်းကြီးတွေကို ငါတို့က တန်ဖိုးမထားဘဲ ဖြိုခဲ့မိပါတယ်။ မင်းက ရေရှည် မျှမျှတတသုံးစွဲနိုင်ဖို့ပေးခဲ့တဲ့ သယံဇာတတွေကို ငါတို့က လောဘတကြီးနဲ့ မညီမညာ ချိုင့်ဝှမ်းကြီးတွေဖြစ်တဲ့အထိ တူးဖော်မိခဲ့ကြတယ်။
နောက်တစ်ခါ မင်းက ငါတို့ကို ရေနံ၊ ဂက်စ်ဓာတ်ငွေ့၊ တွင်းထွက်သယံဇာတသာမက နောက်ဆုံး ငါတို့အသက်ရှင်ဖို့ လေကိုတောင် မင်းက အောက်ဆီဂျင်အဖြစ် သန့်စင်ပေးထားသလို၊ ငါတို့ ကိုဗစ်ဖြစ်တုန်းကဆိုရင် မင်းရဲ့လေနဲ့ စီးပွားဖြစ်သွားသူတွေတောင်ရှိသေးတယ်၊ ဒါပေမယ့် မင်းရဲ့လေထုကို ညစ်ညမ်းအောင် ငါတို့က ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ အများကြီးလွှတ်ခဲ့မိလို့ မင်းရဲ့ လေထုတွေ ညစ်ညမ်းခဲ့ရပါတယ်။
နောက်ဆုံး မင်းက သဘာဝအလျောက်ဖန်တီးပေးခဲ့တဲ့ ချောင်းတွေ မြစ်တွေကို ငါတို့က စိတ်ကူးတည့်ရာ လုပ်မိတဲ့စီမံကိန်းတွေကြောင့် မြစ်ချောင်းတွေကောလာတော့ ပုံမှန်မိုးရေချိန်မှာကိုပဲ ရေမသိုလှောင်နိုင်ဖြစ်ခဲ့ရပါတယ်။
ဒီကြားထဲ ငါတို့က ကိုယ်ကျိုးအတ္တတွေအတွက်ဆို မင်းရဲ့ ရွှေသီးတဲ့ မြေကြီးကိုတောင် သတ္ထုဓာတ်တွေပါလို့ လိုသလိုရောင်းစားခဲ့မိပါတယ်။
သဘာဝကြီးရေ•••
ဒီအမှားတွေအားလုံးကို ငါတစ်ယောက်ထဲလုပ်တာတော့မဟုတ်ဘူး။ ဘယ်သူတွေလုပ်ခဲ့တယ်ဆိုတာလည်း ငါတို့သိတယ်။ ဒါပေမယ့် မတားဆီးနိုင်ခဲ့တဲ့ ငါ့မှာလည်း အပြစ်ရှိပါတယ်။ အခုတော့ ငါတို့အမှားကို ငါတို့တကယ်သိပါပြီကွာ။
ငါတို့ခုတ်ခဲ့တဲ့ အပင်တွေ ငါတို့ပြန်စိုက်ပေးပါမယ်။ မင်းရဲ့ မြေဆီလွှာတွေကို မပျက်စီးအောင် ငါတို့ ဂရုစိုက်သွားပါ့မယ်။ မင်းရဲ့ တောတွေတောင်တွေကို မဖြိုတော့ပါဘူး။ မင်းပေးတဲ့ သယံဇာတတွေကိုဘဲ အားကိုးတူးဖော်နေတာမျိုးထက် ငါတို့ လူသားအရင်းအမြစ်ကရတဲ့ သယံဇာတကို ပိုပြီးတူးဖော်သွားပါ့မယ်။ နောက်ဆုံး မင်းရဲ့ လေထုကို မညစ်ညမ်းအောင် ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို ထိန်းသိမ်းလျှော့ချသွားပါ့မယ်။ မြစ်တွေ ချောင်းတွေကို မတိမ်ကောအောင် တူးဖော်ပေးပါမယ့်ကွာ။
တကယ်ကို ကတိပေးပါတယ်ကွာ
မင်း စိတ်ဆိုးပြေပါတော့•••
သဘာဝကြီးရေ•••
အခု မင်းပေးတဲ့ သင်ခန်းစာတွေဟာ ငါတို့ အတွက်တင်မဟုတ်ပါဘူး၊ ငါတို့မျိုးဆက်အတွက်ပါ လုံလောက်နေပြီမို့ စိတ်ဆိုးပြေပါတော့ သဘာဝကြီးရေ•••
စိတ်ဆိုးပြေပါတော့ သဘာဝကြီးရေ•••
U AUNG -LGTI
#UAung
#quotes
#motivation
#article
#အတွေးစာစုများ

0 Comments:
Post a Comment